International News

မကြာမီကျင်းပမည့် ကုန်စည်ပြပွဲတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ရန် စိတ်ဝင်စားလျက်ရှိ

Last Updated:

          တရုတ်နိုင်ငံ အလယ်ပိုင်း ချန်ရှားမြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော တတိယအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်စည်ပြပွဲက   နှစ်ဘက်ကြား အရည်အသွေးမြင့်မားသော စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန် ၁၃ ရက်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သလို စတုတ္ထအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်လည်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဖေးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း နှစ်ဘက်ကြား ပူးပေါင်းဆောင်ရွက်မှုသည် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ လေကြောင်းနှင့် အာကာသစူးစမ်းရှာဖွေမှု စသည့် ထွန်းသစ်စနယ်ပယ်များ၌ ကုန်သွယ်မှုနှင့် တည်ဆောက်မှု ချဲ့ထွင်လျက်ရှိကြောင်း လီက ဆိုသည်။

          ဟူနန်ပြည်နယ်တွင် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော အဆိုပါပြပွဲသည် တရုတ်-အာဖရိက မူဘောင်ဆိုင်ရာဖိုရမ်အောက်ရှိ အရေးပါသော စီးပွားရေးနှင့် ကုန်သွယ်ရေးပလက်ဖောင်းတစ်ခု ဖြစ်သည်။ ထို့ပြင် အာဖရိကနိုင်ငံ ၅၃ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၈ ခုနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ငွေကြေးအဖွဲ့အစည်းများ ၁,၅၀၀ ကျော်တို့က အဆိုပါ ပြပွဲသို့ တက်ရောက်ရန် လျှောက်ထားကြောင်း သိရသည်။

     ယခုနှစ်ပြပွဲသည် အကြောင်းအရာကဏ္ဍများ ပိုမိုပါဝင်မည်ဖြစ်သဖြင့် ယခင်ပြပွဲများထက် လူစိတ်ဝင်စားမှု ပိုများနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဟူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန အကြီးအကဲ Shen Yumou က ပြောခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဖရိကကြား နှစ်ဘက်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၂ ဘီလီယံရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

Source: https://xinhuamyanmar.com

Category: International News