Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးပြေမပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးပြေမပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး စက်တင်ဘာလအတွင်းက ငါးပြေမပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးပြေမ ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“‌ဒေသထွက် ငါးပြေမတွေကို ပြည်တွင်း ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ငါးပြေမပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ကျိုက်လတ်မြို့နယ်ကနေ ငါးပြေမတွေ အပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်ဈေးကွက်ကိုပဲ အများဆုံးတင်ပို့ရောင်းချတာများတယ်။ အခြားရေထွက်ကုန်တွေလဲ တင်ပို့ရောင်းနေပါတယ်။ ငါးပြေမကတော့ အများဆုံး တင်ပို့ခဲ့ရတာပါ” ဟု ဒေါ်မာမာအေးက ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် လယ်ငါးပြေမနှင့် မွေးမြူရေးငါးပြေမအများဆုံးထွက်ရှိပြီး ထွက်ရှိလာသည့် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးပြေမပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၉၅၀၀၀၀ ထိဈေးပေါက်နေကြောင်း၊ ငါးပြေမသည် ဈေးကွက်အခိုင်အမာရှိခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ငါးပြေမငါးအမျိုးအစားကို ထပ်တိုးမွေးမြူလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News