International News

ဈေးနှုန်းထိန်းချုပ်မှုက ဆန်ထုတ်လုပ်မှု နည်းပါးစေကြောင်း မလေးရှားလုပ်ငန်းရှင်များ ပြောကြား

Last Updated:

မလေးရှားနိုင်ငံ၌ အစိုးရ၏ နှစ်ကာလကြာရှည်စွာ ဈေးနှုန်းထိန်းချုပ်သည့် အစီအမံများက အကျိုးအမြတ်ရရှိမှုကို တစ်စတစ်စ လျော့ပါးလာစေခဲ့ရာ လယ်သမားများနှင့် ကုန်ထုတ်လုပ်သူများအတွက် လုပ်ငန်းချဲ့ထွင်ရန်အဟန့်အတားဖြစ်ပေါ်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို နည်းပါးစေသည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း၌ ထုတ်လုပ်သည့်ဆန်များအား လက်လီရောင်းချရာတွင် ၂၀၀၈ ခုနှစ်မှစတင်၍ ၁ ကီလိုဂရမ်လျှင် ၂.၆၀ ရင်းဂစ် (၀.၅၅၅၆ ဒေါ်လာ) နှုန်းဖြင့် အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ထားခဲ့ရာ ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်လျက် စားသုံးသူများအား အထောက်အပံ့ပြုမည့် အစိုးရ၏ မူဝါဒနှင့် စီးပွားရေးတွက်ချေမကိုက်သည့် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ဆန်ပေးသွင်းရန် ခက်ခဲမှုရှိ သည့် လုပ်ငန်းနယ်ပယ်တို့အကြား အားပြိုင်မှုသည် ယခုနှစ်တွင် အမြင့်မားဆုံးသို့ ရောက်ရှိလာခဲ့သည်။

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်မှုဖြစ်စေသည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ၌ အိန္ဒိယနိုင်ငံ၏ ဆန်ဖြူတင်ပို့မှုတားမြစ်ကန့်သတ်ခြင်း စတင်ခဲ့သည့်နောက်  လွန်ခဲ့သောလအနည်းငယ်အတွင်း မလေးရှားနိုင်ငံ၌ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့ရချိန်တွင် ထိုသို့သော အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ဈေးကွက်အတွင်း ပြည်ပမှ တင်သွင်းလာသည့် ဆန်ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်မှုနှင့်အတူ ဈေးနှုန်းသက်သာမှုရှိသော  ပြည်တွင်း၌ထုတ်လုပ်သည့်  ဆန်များအပေါ်  ဝယ်လိုအားသည်လည်း  သိသာစွာ  များပြားလာခဲ့သည်။  သို့ရာတွင်  မလေးရှား ဆန်စပါး လုပ်ငန်းရှင်များက ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်ပစ္စည်းကိရိယာများ၊ သယ်ယူပို့ဆောင်ခများနှင့် လုပ်သားခ စသည့်စရိတ်များ မြင့်တက်မှုအပေါ် လုံလောက်စွာလွှမ်းခြုံနိုင်မည့် ဝင်‌ငွေကို မရရှိနိုင်ပါက ထုတ်လုပ်မှုကို မြှင့်တင်နိုင်မည်မဟုတ်ကြောင်း ပြောဆိုလျက်ရှိကြသည်။

မလေးရှားနိုင်ငံ၌ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် လက်ကားဖြန့်ဖြူးမှုကို လုပ်ကိုင်လျက်ရှိသော PLS Marketing ကုမ္ပဏီမှ လုပ်ငန်းရှင် Allen Lim က စက်တင်ဘာလကပင် စူပါမားကက် များထံမှ ဆန်အပိုဆောင်းပေးသွင်းရန် အမှာစာများကို လက်ခံရရှိခဲ့ကြောင်း၊ သို့သော် ပြည်တွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုနည်းပါးသည့် အခြေအနေအရ ၎င်းအနေဖြင့် ဖြည့်ဆည်းပေးနိုင်စွမ်း မရှိခဲ့ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့်ဆန်၏ ဈေးနှုန်းကို မြှင့်တင်ပေးမှသာ လယ်သမားများ အနေဖြင့် ရပ်တည်ရှင်သန်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ဈေးနှုန်းသတ်မှတ်ချက်အရ ဆန်ကြိတ်ခွဲထုတ် လုပ်သူများပင်လျှင် ရပ်တည်နိုင်ရန် ခက်ခဲကြောင်း၊ လွန်ခဲ့သော ၇ နှစ် ကာလအတွင်း လုပ်ငန်းရှင်အများအပြားသည် လုပ်ငန်းအရှုံးပေါ်မှုကို ကြုံတွေ့လာရကြောင်း၊ ဘဏ်လုပ်ငန်းများက အကျိုးအမြတ်ထွန်းမှုမရှိသော စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးခြင်းမရှိသဖြင့် အချို့သော ဆန်စက်လုပ်ငန်းများမှာ ပိတ်သိမ်းခဲ့ကြကြောင်းဖြင့် ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

ပြည်တွင်းထုတ်လုပ်မှု လျော့နည်းခြင်းသည် ဈေးနှုန်းကြီးမြင့်သော သွင်းကုန်အား ပိုမို၍ အမှီပြုရမည်ဖြစ်ကြောင်းကို မလေးရှားအစိုးရက အသိအမှတ်ပြု လုပ်ဆောင်လျက်ရှိသော်လည်း ပြဿနာကို ဖြေရှင်းရန် အနည်းငယ်မျှသာ ဆောင်ရွက်ပေးနိုင်မှုအပေါ် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်မှု ဖြစ်ပေါ်လျက်ရှိကြသည်။

မလေးရှား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Chan Foong Hin က မလေးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုနှင့် တိုးတက်မှုမရှိသော ထုတ်လုပ်မှုအခြေအနေအရ ဆန်စပါးအထွက်လျော့နည်းခြင်းကို နောက်ထပ်တစ်ကြိမ် ကြုံတွေ့ရဖွယ်ရှိကြောင်း၊ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုက ပြည်တွင်းစားသုံးရန် လိုအပ်ချက်၏ ၆၂% ခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်ချိန်၌ အရေအတွက်နှင့် အရည်အသွေးအရ ထုတ်လုပ်မှု တိုးတက်အောင် တွန်းအားပေးရန်အတွက် အမြင့်ဆုံး ဆန်ရောင်းဈေးနှုန်း သတ်မှတ် ထားခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ လယ်ယာစိုက်ပျိုးမှုသည် အမြတ်အစွန်းရရှိနိုင်သော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သေချာခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်း မှာပင် စားသုံးသူများ ဝယ်ယူနိုင်စွမ်းရှိသည့် စားသောက်ကုန်ဈေးနှုန်းများဖြစ်အောင်လည်း အချို့သော သက်သာချောင်ချိရေး လုပ်ငန်းအဆင့်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ရိုက်တာသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

မလေးရှားအစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့တို့၏ စာရင်းအင်းအချက်အလက်များအရ မလေးရှားနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း ၆.၇% ကျဆင်းခဲ့ပြီး ယခုနှစ် ဆန်တင်သွင်းမှုမှာ ၂၀၂၂ ခုနှစ်ကထက် ၆% ခန့် မြင့်တက်ဖွယ်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း၌ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုမှာ ယခုနှစ်တွင်  ၅.၅% အထိ မြင့်တက်နေချိန်၌ စားသုံးသူ အကာအကွယ်ပေးရေးကို ရှေ့ရှုလျက် အစိုးရအနေဖြင့် ဆန်လက်လီဈေးနှုန်း အမြင့်ဆုံးသတ်မှတ်ချက်ကို တိုးမြှင့်မှုမရှိကြောင်း၊ သို့သော် စပါးစိုက်ပျိုးသည့် လယ်သမားများသို့ အထောက်အပံ့များ တိုးမြှင့်ပေးအပ်ခြင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်စိစစ်မှုများ တိုး မြှင့်လုပ်ကိုင်ခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၌ နောက်ဆုံးအကြိမ် သုံးသပ်ပြင်ဆင်ခဲ့သော အနိမ့်ဆုံး စပါးရောင်းဈေးနှုန်း ၁ တန်လျှင် ရင်းဂစ် ၁၂၀၀ နှုန်းအား ယခုနှစ် အောက်တိုဘာ လတွင် ရင်းဂစ်ငွေ ၁၃၀၀ နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

မလေးရှားနိုင်ငံ၌ စပါးအဓိကစိုက်ပျိုးရာ Kedah ပြည်နယ်ရှိ Pesawah လယ်သမားအဖွဲ့မှ Mohamad Rafirdaus Abu Bakar က ၎င်းတို့ပြည်နယ်အတွင်းရှိ စပါးစိုက်တောင်သူများ၏ ၇၀% ခန့်သည် အကြွေးနွံနစ်လျက်ရှိပြီး အစိုးရ၏ စီမံဆောင်ရွက်မှုအသစ်များသည် လုံလောက်မှုမရှိကြောင်း ပြောဆိုခဲ့သည်။

ပြည်သူ့မူဝါဒရေးရာ လေ့လာဆန်းစစ်မှု အဖွဲ့အစည်းတစ်ခုဖြစ်သော Khazanah Research Institute မှ ဒုတိယညွှန်ကြားရေးမှူး Sarena Che Omar က မလေးရှားအစိုးရ၏ ကုန်ဈေးနှုန်း ထိန်းချုပ်မှု အစီအမံများသည် ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းစဉ်၌ ပုံပျက်ယွင်းသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အနိမ့်ဆုံး စပါးကြမ်းခင်းဈေးနှင့် အမြင့်ဆုံး ဆန်ရောင်းဈေး သတ်မှတ်ချက်များက လုပ်ငန်းစဉ် အလယ်အလတ်အဆင့်၌ လုပ်ကိုင်ဆောင်ရွက်သူများအတွက် အခက်အခဲဖြစ်ပေါ်စေလျက်ရှိကြောင်း သုံးသပ်ပြောကြားထားသည်။

Source: Nasdaq, 8 Nov 2023

Source: https://www.doca.gov.mm

Category: International News