International News

တရုတ်နိုင်ငံသို့ လာအိုနိုင်ငံထွက် ကြံများ တင်ပို့မှုစတင်

Last Updated:

၂၀၂၃-၂၀၂၄ ခုနှစ် ကြံရာသီအတွင်း တရုတ်-လာအို နှစ်နိုင်ငံအကြား ကြံသီးနှံကို နယ်စပ်ဖြတ်ကျော်သယ်ယူမှု စတင်သည့်အနေဖြင့် ယူနန်ပြည်နယ်၊ Xishuangbanna Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ Mengman ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့်  ကြံကုန်တင်ယာဉ်များ တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း China Daily သတင်းစာတွင် ဖော်ပြထားသည်။ ယခုကြံရာသီအသစ်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင်စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ ကြာမြင့်နိုင်ကြောင်း၊ အဆိုပါ ကာလအတွင်း လာအိုနိုင်ငံ၊ Luang Nam Tha ပြည်နယ်မှ တရုတ်နိုင်ငံအတွင်းသို့  ယွမ်ငွေ သန်း ၇၀၀ ကျော် (ဒေါ်လာ ၉၅ သန်းခန့်) တန်ဖိုးရှိသော ကြံတန်ချိန် ၉ သိန်းကျော် ရောက်ရှိနိုင်ကြောင်းဖြင့် သိရသည်။

တရုတ်-လာအို နယ်စပ်ဖြတ်ကျော်လျက် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းတွင် ကြံသီးနှံသည် အဓိကကျသော သီးနှံတစ်ခုဖြစ်ကြောင်း၊ သကြားထုတ်လုပ်သည့် တရုတ်လုပ်ငန်း ရှင်များ များပြားလာမှုနှင့် ပြည်ပ၌ ကြံအထွက်ပမာဏ တိုးတက်လာမှုတို့ကြောင့် နယ်စပ်ဖြတ်ကျော် ကြံသယ်ယူပို့ဆောင်မှုမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

Source: China Daily, 3 Nov 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News