Local News

ယခုလဆန်းပိုင်း၌ အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း ငါးခြောက်ဝယ်လိုအား ပိုမိုကောင်းမွန်လာ

Last Updated:

ယခုလဆန်းပိုင်း၌ အခြေခံစားသောက်ကုန်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ငါးခြောက်များ ဈေးကွက်အတွင်း ဝယ်လိုအားပိုမိုကောင်းမွန်လာကြောင်း ရန်ကုန်မြို့ဘုရင့်နောင်ကုန်စည်ဒိုင်မှ ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

“ဒီအချိန်က ကထိန်ရာသီဖြစ်တဲ့အတွက် အလှူပွဲတွေလည်းပေါတော့ ငါးခြောက်တွေ အရင်လကထက် ပိုရောင်းရတယ်။ ရန်ကုန်မြို့က ငါးခြောက်ကို အနယ်နယ်အရပ်ရပ်ကို တင်ပို့ရောင်းချပါတယ်။ မန္တလေးမြို့ကို  အဓိကအများဆုံး တင်ပို့ပါတယ်" ဟု ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ငါးခြောက် လက်ကားဈေးနှုန်းများ အနေဖြင့် ငါးကြင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀၊  ငါးရံ့ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးကွမ်းရှပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ခြောက်(ကြီး) တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၊ ငါးတံခွန်ခြောက်(လတ်) တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ အသားမျှင်ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀၊ ငါးနီတူခြောက်(သေး) တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၀၊ ငါးကျည်းခြောက်(ကြီး)  တစ်ပိဿာလျှင် ငွေကျပ် ၈၈၀၀၀၊  ငါးနီတူခြောက် ခေါင်းချွေ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀၊  ပလာတူး ငါးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ သင်လုံးကြီးခြောက်ရှယ် တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီး သတ်မှတ်ရောင်းချလျက်ရှိကြောင်း  သိရသည်။

ငါးခြောက်လုပ်ငန်းများကို ရန်ကုန်မြို့ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန်ရှိ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စီမံကိန်းဇုန်၌ လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံအရပ်ရပ်သို့  တင်ပို့လျက်ရှိကာ မန္တလေးမြို့သို့ အများဆုံးတင်ပို့ကြောင်း သိရသည်။ အဆိုပါစီမံကိန်းဇုန်၌ ရေချိုငါးများအပါအဝင် ရေငန်ငါးများကိုလည်း ငါးခြောက်ပြုလုပ်ကာ တင်ပို့ရောင်းချလျက်ရှိပြီး ငါးခြောက်ပြုလုပ်ရာတွင် ငါးခုတ်သမား၏ လက်ရာသေသပ်မှု၊ ငါးအမျိုးအစားပေါ်မူတည်၍  ဆားရိုက်အနည်းအများမှာလည်း အရေးပါကြောင်း၊ ငါးကြီးများကို အခြောက်လှန်း၊ ကျပ်တိုက်ပြီး ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။            

Source: https://www.myawady.net.mm

Category: Local News