International News

အယ်နီညိုကြောင့် ကော်ဖီ ဈေးတက်နိုင်

Last Updated:

          အယ်နီညိုကြောင့် ဖြစ်ပေါ်လာသည့် ပူပြင်းလွန်း ခြောက်သွေ့လွန်းသော  ရာသီဥတုအခြေအနေများသည် ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကဲ့သို့သော ကော်ဖီထုတ်လုပ်‌ သော နိုင်ငံများတွင် ရိုဘတ်စတာ robusta  ကော်ဖီ ထုတ်လုပ်မှုကို  ထိခိုက်နိုင်သဖြင့် ဈေးနှုန်းများ မြင့်တက်လာနိုင်သည်။ "၂၀၂၃ ခုနှစ် တတိယ၃လပတ်တွင်  အယ်နီညိုအခြေအနေသို့ အသွင်ကူးပြောင်းမှုသည်  ရိုဘတ်စတာကော်ဖီ ထုတ်လုပ်သည့် အဓိကနိုင်ငံများဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အထွက်နှုန်းလျော့ကျနိုင်သည်ဟု အတော်များများက မျှော်လင့်ထားကြသည်" ဟု Fitch Solutions ၏ သုတေသနဌာန  BMI မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

         ရိုဘတ်စတာကော်ဖီသည် ခါးသီးသော အရသာပြင်းသည်။ အက်စစ်ဓာတ်မြင့်မားသည်။ ပရီမီယံနှင့် ပိုစျေးကြီးသော အာရေးဗီးကား arabica အမျိုးအစားထက် ကဖိန်းဓာတ် ပိုမိုပါဝင်သည်။စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အဆိုအရ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံည် ရိုဘတ်စတာအများဆုံး ထုတ်လုပ်သည့်နိုင်ငံများဖြစ်သည်။ ဘရာဇီးနိုင်ငံ၏ ရိုဘတ်စတာကော်ဖီသည်လည်း မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

       ရိုဘတ်စတာဈေးတက်လျှင် များသောအားဖြင့်  ရိုဘတ်စတာ အသုံးများသည့် အသင့်ဖျော်ကော်ဖီနှင့် ကော်ဖီကြမ်းခါးခါး အက်စ်ပရက်ဆို espresso တို့ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်မည်။ ကမ္ဘာလုံးဆိုင်ရာကော်ဖီထုတ်လုပ်မှုတွင် ရိုဘတ်စတာသည် ၄၀% ရှိပြီး အာရေးဗီးကားသည် ၆၀% ရှိသည်။ အာရေးဗီးကားသည် အများအားဖြင့် အရည်အသွေးမြင့်မားပြီး ရိုဘစ်တာကော်ဖီထက် စျေးနှုန်းပိုမိုမြင့်မားသည်။ အာရေးဗီးကားသည် ဈေးမြင့်သဖြင့် ဈေးသက်သာသည့် ရိုဘတ်စတာကို သုံးကြရသည် ဖြစ်ရာ ရိုဘတ်စတာ ဈေးမြင့်ပါက အသင့်ဖျော်ကော်ဖီထုပ်လည်း ဈေးမြင့်ပြီး ရောင်းအားကျဆင်းနိုင်သည်။

        အယ်လ်နီညိုသည် ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းဒေသများတွင် ပုံမှန်အခြေအနေများထက် ပိုမိုပူပြင်းပြီး ပိုမိုခြောက်သွေ့သော ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခုနှစ် အယ်နီညိုသည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကျရောက်နိုင်သည်ဟု ရာသီဥတု  သိပ္ပံပညာရှင်များက   ခန့်မှန်းထားကြသည်။   “အရှေ့တောင်အာရှတစ်ဝှမ်းမှာ  အယ်လ်နီညိုအခြေအနေတွေဟာ ပျမ်းမျှအောက် မိုးရွာသွန်းမှုနှင့် အပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်စေပြီး မိုးနည်းခြင်းနှင့် ပူပြင်းခြင်းတို့သည်  ကော်ဖီထုတ်လုပ်မှုကို ကျဆင်းစေပါသည်" ဟု BMI အစီရင်ခံစာမှာ ဖော်ပြထားသည်။

       အရှေ့တောင်အာရှတွင် မကြာသေးမီက မေလလယ်တွင် စံချိန်တင်အပူပြင်းသည်ကို ကြုံခဲ့ရသည်။ ယေဘူယျအားဖြင့်ပြောရလျှင် အာရှသည် အာရေးဗီးကားထက် ရိုဘတ်စတာကို ပိုမိုနှစ်သက်ပြီး ရိုဘတ်စတာ ဝယ်လိုအားသည် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ကြီးထွားလာ‌နေသနေ။ အာရေးဗီးကားသည် အရည်အသွေးမြင့်သော်လည်း ဈေးမြင့်သဖြင့် အသင့်ဖျော်ကော်ဖီ ထုတ်လုပ်သူတို့က ဈေးသက်သာသည့်  ရိုဘတ်စတာကို ရွေးချယ်သည်။ သောက်သုဲးသူတို့ကလည်း လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး ကျဆင်းမှုကြောင့် ဈေးသက်သာသည့်  ရိုဘတ်စတာကို ရွေးချယ်ကြသည်။

      ငွေကြေးဖောင်းပွမှုကာလတွင် ကုန်ကျစရိတ်သက်သာစေရန် ကော်ဖီထုတ်ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများသည် စျေးနှုန်းသက်သာရန်အတွက် ရိုဘတ်စတာဖြင့် ဈေးမြင့်သည့် အာရေးဗီးကားကို အစားထိုးကြသည်ဟု BMI အစီရင်ခံစာမှာ ဖော်ပြထားသည်။ ရိုဘတ်စတာ အထွက်လျော့ကျနေစဉ် ဝယ်လိုအား မြင့်တက်သဖြင့် ဈေးတက်သည်။ ရိုဘတ်စတာ ကော်ဖီဈေးနှုန်းများသည်  မကြာသေးမီက မြင့်တက်လာခဲ့သည်။ မေလကုန်တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၂၇၈၃ ဖြစ်လာသည်။ ၁၅ နှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။ ဇူလိုင်လအတွက် ကြိုပွိုင့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၆၀၈ ဖြစ်ပါသည်။ အာရေးဗီးကားသည် ဝယ်လိုအား လျော့ကျသဖြင့် ဈေးကျသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News