International News

ထိုင်းနိုင်ငံ၏ ‘One Tambon One Product-OTOP’ များအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ

Last Updated:

 

ထိုင်းနိုင်ငံ၏ OTOP ဟုခေါ်သော ‘One Tambon One Product’ သည် ဂျပန်နိုင်ငံ၏ ကျေးရွာ တစ်ခု ထုတ်ကုန်တစ်ခု (One Village One Product-OVOP) အစီအစဉ်ကို နမူနာယူ၍ ထိုင်းနိုင်ငံ အစိုးရက ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ အစိုးရသက်တမ်း ၂၀၀၁-၂၀၀၆ ခုနှစ်များတွင် ဒီဇိုင်းရေးဆွဲခဲ့သည်။ OTOP ၏ ရည်ရွယ်ချက် ၅ ခုမှာ ပြည်သူများကို အလုပ်အကိုင်ဖန်တီးပေးရန်နှင့် ဝင်ငွေရရှိစေရန်၊ ပြည်သူများအား ကိုယ့်ကိုယ်ကိုယ်မှီတည်မှုကို ခိုင်မာစေရန်၊ ထိုင်းပညာရပ်ကိုမြှင့်တင်ရန်၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုး တက်ရန်နှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝ၊ ဒေသယဉ်ကျေးမှုနှင့် လျော်ညီသော ထုတ်ကုန်များကို ဖန်တီးထုတ်လုပ်မှုကို မြှင့်တင်ရန် စသည်တို့ဖြစ်သည်။ ဒေသတွင်းတွင် လက်ဖြင့် ပြုလုပ်သော (hand-made) ထုတ်ကုန်များသည် OTOP အစီအစဉ်တွင် ပါဝင်နိုင်သည်။ ထိုင်းကျေးလက်နေ ပြည်သူများ အတွက် ဝင်ငွေ အထောက်အပံ့ပေးနိုင်သည့် နည်းလမ်းတစ်ခုအနေဖြင့် လက်ဖြင့်ပြုလုပ်သော ထုတ် ကုန်များကို ရိုးရာနှင့်အညီထုတ်လုပ်လျက်ရှိသည်။ ယင်းကဲ့သို့ ရှိပြီးဖြစ်သော လုပ်ဆောင်ချက်ကို အစိုးရ၏ လက်တွေ့ကျသော ထောက်ပံ့မှုဖြင့် ပေါင်းစပ်ရာမှ OTOP ဖြစ်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ကျေးလက်ဒေသနေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်အလို့ငှာ “One Region-One Product” မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ မူဝါဒအရ ဒေသတစ်ခုချင်းစီအတွက် သတ်မှတ်ထားသည့် ထင်ရှားသော  ကုန်ပစ္စည်းများကို အားပေးရန်ဖြစ်ပြီး မတူညီသော ပထဝီဝင်ဆိုင်ရာနှင့် ရာသီဥတု အခြေအနေများကို မြှင့်တင်ပေးရန်သာမက နိုင်ငံတစ်ဝှမ်းတွင် ပေါကြွယ်ဝသော ကုန်ကြမ်းများကို အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွက်လာစေခဲ့သည်။

ထိုင်းနိုင်ငံအစိုးရက OTOP အစီအစဉ်တွင် ဒေသမှ ထုတ်လုပ်သူများကို ထုပ်ပိုးမှုပုံစံအတွက် အကြံ ဉာဏ်ပေးခြင်း၊ လူအများ၏ စိတ်ဝင်စားမှုမှတစ်ဆင့် ဈေးကွက်ရရှိစေရေး ဖော်ဆောင်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ OTOP ထုတ်ကုန်များတွင် အဝတ်အထည်၊ အစားအစာနှင့် လက်မှု ပစ္စည်းတို့ပါဝင်သည်။

ထိုင်းနိုင်ငံ အစိုးရသည် OTOP အဖွဲ့ဝင်များ၏ အရည်အသွေးများ၊ ဗဟုသုတနှင့် ထုတ်ကုန်စံနှုန်းများ တိုးမြှင့်ရန် ရည်ရွယ်၍ OTOP ထုတ်လုပ်သူများအသိုက်အဝန်း၊ SMART OTOP သင်တန်းများကို ဆောင်ရွက်ပေးပြီးနောက် OTOP Product Champion (OPC) ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ OTOP Product Champion (OPC) သို့ OTOP ထုတ်လုပ်သူများနှင့် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ခဲ့ကြပြီး ခရိုင်အဆင့်၊ Cluster အဆင့်မှသည် နိုင်ငံအဆင့်ထိ ပြိုင်ပွဲများကျင်းပ၍ အစားအစာ၊ အဖျော်ယမကာ၊ ချည်မျှင်နှင့်အထည်၊ အိမ်သုံးပစ္စည်းများ၊ အလှဆင်၊ လက်မှုပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများနှင့် အစားအသောက်မဟုတ်သည့် ဆေးဖက်ဝင် ထုတ်ကုန် များ စသည်တို့ကို ၎င်းတို့၏ အရည်အသွေးနှင့် ပို့ကုန်အလားအလာရှိသည့်အပေါ် မူတည်ရွေးချယ်၍  ကြယ် ၅ ပွင့်အဆင့် သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ OTOP ထုတ်ကုန်များအား တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်ရေးအတွက် OTOP  လုပ်ငန်းရှင်များအတွက် ထုတ်ကုန်အား ဓာတ်ပုံရိုက်ကူးမှုပုံစံ၊ တင်ပြမှု နည်းလမ်းများနှင့် အွန်လိုင်းဈေးကွက်ရှာဖွေခြင်း မဟာဗျူဟာများဆိုင်ရာ သင်တန်းများနှင့် အွန်လိုင်း ဈေးကွက်နေရာသစ်တစ်ခုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် အရည်အသွေးပေါ် မူတည်၍ ရွေးချယ်ထားသော OTOP ထုတ်ကုန်များ၏ အွန်လိုင်းမှ ရောင်းချမှု တိုးတက်စေရေးအတွက် Lazada နှင့် Shopee ကဲ့သို့ ဈေးရောင်းသည့် ပလက်ဖောင်းများမှ ဝယ်ယူရာတွင် ဈေးလျှော့ပေးခြင်းနှင့် ပို့ဆောင်ခ အခမဲ့ပေးခြင်းတို့အပြင် ကံစမ်းမဲလက်မှတ်များ အသုံးပြုနိုင်ရေး စသည့်လှုပ်ရှားမှုများ လည်း ဆောင်ရွက်ပေးပါသည်။  ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာတွင် အဓိက ဝင်ပေါက် များ ဖြစ်သည့် သုဝဏ္ဏဘူမိ၊ ချင်းမိုင်နှင့် ဖူးခက်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ 7 Eleven ဆိုင်များတွင် လည်းကောင်း၊ OTOP ဆိုင်ခန်းများ ဖွင့်လှစ်၍လည်းကောင်း OTOP ထုတ်ကုန်များကို သေချာစွာ ပြသရောင်းချပေးလျက်ရှိသည်။ OTOP လုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ပေးရန်နှင့် ပြပွဲအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်၍ OTOP ပြပွဲများကို ၁ နှစ်လျှင် (၃) ကြိမ် ကျင်းပပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ပြောင်းလဲလာသော ခေတ်နှင့်လျော်ညီစွာ အွန်လိုင်းဈေးကွက်ရှာဖွေခြင်းသည် ကုန်ပစ္စည်းများကို စားသုံးသူများထံ ဖြန့်ဝေပေးနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်လာသောကြောင့် အစိုးရအနေဖြင့် OTOP လုပ်ငန်းရှင်များ ၎င်းတို့၏ ထုတ်ကုန်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရေးအတွက် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံး၏ ထောက်ပံ့မှုဖြင့် ချင်းမိုင်တွင် www.cnxcenterpoint.com ဝက်ဘ်ဆိုဒ်ကို တည်ထောင်ပေးခဲ့သည်။ ဝက်ဘ်ဆိုဒ်တွင် ထုတ်ကုန်ပစ္စည်းများနှင့်သက်ဆိုင်သည့် အချက်အလက်များ တင်ပြထားနိုင်ရေးအတွက် ဝက်ဘ်ဆိုဒ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းများကို လုပ်ငန်းရှင်များအား ပို့ချပေးခဲ့သည်။

ကျယ်ပြန့်လာသော e-commerce ကဏ္ဍကို မိတ်ဆက်ခြင်းဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ OTOP ထုတ်ကုန်များမှ ဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက သင်တန်းများနှင့် အွန်လိုင်းဈေးကွက်သစ်တစ်ခုကို စီစဉ်ဆောင်ရွက်ပေးသည့် လှုပ်ရှားမှုတစ်ခုကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ သင်တန်းတွင် လုပ်ငန်းရှင်များအတွက် ထုတ်ကုန်များကို ဆွဲဆောင်မှုရှိစေသည့်ပုံစံ ဓာတ်ပုံရိုက်ကူးနည်း၊ ထုတ်ကုန်ဆိုင်ရာ တင်ပြချက်နည်းလမ်းများနှင့် အွန်လိုင်းဈေးကွက်ရှာဖွေခြင်း မဟာဗျူဟာများ ပါဝင်သည်။ ပြည်တွင်းလုပ်ငန်းရှင်များမှ ထုတ်လုပ်သည့် OTOP ထုတ်ကုန်များ၏ အရည်အသွေးပေါ် မူတည်ရွေးချယ်ထားသော ကုန်ပစ္စည်းအမျိုးအစား ၁,၀၀၀ ကို www.otopsmart.com တွင် တင်ပြထားပါသည်။ ထို့ပြင် Lazada နှင့် Shopee ကဲ့သို့သော e-commerce ပလက်ဖောင်းများမှလည်း လျှော့ဈေးဘောင်ချာများနှင့် ပို့ဆောင်ခအခမဲ့ စသည်ဖြင့် လှုပ်ရှားမှုတွင် ပါဝင်ထောက်ပံ့ပေးခဲ့ကြသည်။

ဒေသအလိုက် ထင်ရှားသော OTOP ထုတ်ကုန်များအနက် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ လက်မှုပစ္စည်းများနှင့် မြေအိုးသည် လူကြိုက်များကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ အရှေ့ဖက်ကမ်းရိုးတန်းရှိ “ထိုင်းနိုင်ငံ၏ ဥယျာဉ်ခြံ” ဟု အမည်တွင်သည့် ချန်သာပူရိတွင် သစ်သီးများစွာ စိုက်ပျိုးထွက်ရှိရာ အဆိုပါဒေသမှ ထွက်ရှိသည့် အသီးခြောက်များသည် လူကြိုက်များသော OTOP ထုတ်ကုန်များ ဖြစ်သည်။ ယင်းအပြင် ကြိမ်ခြင်းများနှင့် ထန်းရွက်ဦးထုပ်များလည်း ထွက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ချည်ထည်များ၊ သစ်သားပန်းပုများ၊ ကြွေထည်များ၊ ငွေထည်လက်ဝတ်ရတနာများနှင့် တောင်တန်းဒေသပြည်သူများမှ ပြုလုပ်သော ချည်ထည်များ ထွက်ရှိပြီး ချင်းမိုင်နှင့် ချင်းရိုင်တို့တွင် အဆိုပါ ထုတ်ကုန်များကို ရှာဖွေ ရရှိနိုင်သည်။ ထိုင်းပိုးနှင့် ဝါဂွမ်း OTOP ထုတ်ကုန်များကို ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသမှ ထုတ်လုပ်သည်။ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရော်ဘာနှင့် အုန်းပင်များ စိုက်ပျိုးလျက်ရှိရာ အုန်းသီးမှ တီထွင်ထုတ်လုပ်ထားသည့် ဆပ်ပြာထုတ်ကုန်မှသည် သကြားလုံးထုတ်ကုန်များမှာ အဆိုပါဒေသ၏ ထင်ရှားသော OTOP ထုတ်ကုန်များ ဖြစ်သည်။ ထို့ပြင် ပါတိတ်နှင့် လက်ဖြင့် ယက်လုပ်သော ခြင်းများကိုလည်း ရှာဖွေရရှိနိုင်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ Community Development Department ၏ ဦးဆောင်ကြီးကြပ်မှု နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် OTOP ကုန်စည်ပြပွဲများကို နှစ်စဉ် ၃ ကြိမ်တိုင်တိုင် ခမ်းနားစွာ ကျင်းပပေးလျက်ရှိရာ နိုင်ငံတစ်ဝှမ်းရှိ OTOP လုပ်ငန်းရှင်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို လာရောက် ပြသရောင်းချကြခြင်းကြောင့် ပြပွဲအတွေ့အကြုံများ ရရှိခြင်း၊ ဒေသခံများ၏ ဈေးကွက်ဝင်ရောက်နိုင်မှု အခွင့်အလမ်းများ ရရှိစေခြင်းနှင့် ဝင်ငွေတိုးမြှင့်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သိရှိရသည်။

ကိုးကားချက်များ

  1. https://fanclubthailand.co.uk/the-otop-project-supporting-thailands-local-communities/
  2. https://www.linkedin.com/pulse/thailand-otop-products-strategy-muji-shops-worldwide-golf-jaetsada
  3. https://so01.tci-thaijo.org/index.php/EAUHJSocSci/article/view/252457/168695
  4. https://www.abacademies.org/articles/marketing-communication-of-otop-entrepreneurs-in-the-three-southernmost-provinces-thailand.pdf
  5. https://www.thaitrade.com/search/product?category=03000000
  6. https://fanclubthailand.co.uk/the-otop-project-supporting-thailands-local-communities/
  7. https://www.gnlm.com.mm/initiate-one-region-one-product-policy/
  8. https://www.bangkokpost.com/business/general/741340/otop-brings-smell-of-success
  9. https://www.statista.com/statistics/1233732/thailand-share-of-consumers-who-have-bought-otop-products/

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News