Local News

မြင်းမူမြို့နယ်၌ ထန်းလျှော်များကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချလျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် ကျေးရွာများအုပ်စုအတွင်းရှိ  ကျေးရွာများ၌  ထန်းပင်မှရရှိသည့် ထန်းလျှော်များကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသ၌ ထန်းလျှော်နှင့် လူသုံးကုန်ပစ္စည်းများ ရက်လုပ်ခြင်းလုပ်ငန်းကို ရှေးယခင်ကပင်  မိရိုးဖလာလုပ်ငန်းအဖြစ်  လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး  ကျေးရွာများရှိ ကလေးအရွယ်များကပင် ထန်းလျှော်နှင့် ပတ်သက်သည့် လုပ်ငန်းများကို တတ်ကျွမ်းကြသည်။ လူသုံးကုန်ပစ္စည်းများ ရက်လုပ်ရန် ထန်းလျှော်ကုန်ကြမ်းကို ထန်းပင်မှရရှိနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကျေးရွာများမှလည်း ဝယ်ယူရရှိနိုင်ပြီး ကုန်ကြမ်းဈေးနှုန်းအနေဖြင့်  ထန်းလျှော်အချောင်းရေ  ၁၀၀  လျှင် ငွေကျပ် ၇၀၀ ရှိသည်။

ထန်းလျှော်ဖြင့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်ရာတွင် တောင်းအရွယ်အစား အမျိုးမျိုး၊ လက်ဆွဲခြင်းနှင့် အုန်းဆွဲခြင်းများကို အဓိကပြုလုပ်ကြပြီး ကိုယ်ပိုင်ရက်လုပ် ရောင်းချသူများ၊ လက်ခစားပြုလုပ်သူများ စသည်ဖြင့် အမျိုးမျိုးရှိကာ နေ့စား လုပ်အားခအနေဖြင့်  တစ်ရက်လျှင်  ငွေကျပ်  ၆၀၀၀ အထိရရှိကြောင်း သိရသည်။ အဆိုပါပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ ရွှေဘိုနှင့် တခြားမြို့တို့သို့ တင်ပို့လျက်ရှိပြီး ပွဲတော်များကျင်းပသည့် မြို့ရွာများသို့ သွားရောက်ကာ  ရောင်းချမှုများလည်းရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News