လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် “ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက် သုတေသနပြုလုပ်ခြင်းစီမံကိန်း”ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ “မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှုတို့နှင့် စပ်လျဉ်းသည့် နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်၌ မော်လမြိုင်မြို့ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့်တာဝန်ရှိသူများ၊မော်လမြိုင် မြို့ရှိဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တာဝန်ရှိသူများ၊ သင်တန်း ဆရာများနှင့် သင်တန်းသားများ စုစုပေါင်း(၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
သင်တန်းအစီအစဉ်ကို နံနက် (၁၀:၀၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ သင်တန်းတွင် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာဖွံ့ဖြိုး တိုးတက်ရေး၊ ရော်ဘာအရည်အသွေး တိုးတက်မြင့်မားရေး၊ ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရေး ၊ မြန်မာ့သဘာဝ ရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ၊ ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊ ဒေသတွင်းရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရော်ဘာအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချခဲ့ပါသည်။
သင်တန်းဒုတိယနေ့အစီအစဉ်ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် မော်လမြိုင်မြို့နှင့် မုဒုံမြို့နယ်တို့ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် ရော်ဘာစိုက်ခင်းများ၊ ခေတ်မီရော်ဘာထုတ်လုပ်ရေး စက်ရုံ/ အလုပ်ရုံများသို့ လက်တွေ့ကွင်းဆင်းလေ့လာရေး သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
STP(MYANTRAD)