Local News

ပုသိမ်မြို့နယ်တွင် ဒေသထွက်မျှင်ငါးပိများ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်လာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ဒေသထွက် မျှင်ငါးပိများဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေကြောင်း ပုသိမ်မြို့မှ ငါးပိ၊ ငါးခြောက် ထုတ်လုပ်ရောင်းဝယ်သည့်လုပ်ငန်းရှင် ဒေါ်ဌေးဝင်းက ပြောပြ၍ သိရသည်။

ပုသိမ်မြို့နယ်တွင် ‌ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေကြောင်း၊ အောက်တိုဘာလ ပထမပတ်မှစတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့ထိ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုကောင်းလာကြောင်း၊ အဆိုပါ မျှင်ငါးပိ ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၈၅၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ပုသိမ်ဒေသထွက် မျှင်ငါးပိတွေက လူအများကြိုက်နှစ်သက်ပါတယ်။ သန့်စင်ပြီးအရသာလဲရှိတာကြောင့် ရန်ကုန်ကဝယ်လက်တွေက ချိတ်ဆက်မှာယူတာများတယ်။ ဒေသထွက် မျှင်ငါးပိကိုတော့ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချတာပါ။ အခုနှစ် မျှင်ငါးပိအထွက်နည်းနေသေးပါတယ်။ ရန်ကုန်ဘက်ကနေ ဝယ်ကုန်ကတစ်အားများနေပါတယ်။ နေ့စဉ် တစ်ရက်ကို ပိဿာချိန် ၂၀၀ လောက်မှာယူနေတာရှိပါတယ်” ဟု ပုသိမ်မြို့မှ ငါးပိ၊ ငါးခြောက်ထုတ်လုပ်ရောင်းဝယ်သည့် လုပ်ငန်းရှင် ဒေါ်ဌေးဝင်းက ပြောပြသည်။

ပုသိမ်မြို့နယ်တွင် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ပုသိမ်စသည့်ဒေသများရှိ ရေလုပ်သားများထံမှ မျှင်ကောင်များကို ငါးခြောက်ငါးပိထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဝယ်ယူပြီး မျှင်ငါးပိထုတ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း၊ အဆိုပါ မျှင်ငါးပိထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် ဒေသထုတ်ကုန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျှင်ငါးပိလုပ်ငန်းတစ်ခုလျှင်လုပ်သား ငါးဦးမှ ရှစ်ဦးထိ အလုပ်အကိုင်ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News