International News

မူဝါဒပြောင်းလဲမှုရှိသော်လည်း ဖိလစ်ပိုင်ဈေးကွက်၌ ဗီယက်နမ်ဆန် ဆက်လက်လွှမ်းမိုးနိုင်

Last Updated:

ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ ပြောကြားမှုအရ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုသည် ရှေ့လာမည့်အနာဂတ်ကာလအထိ ဆက်လက်တည်ငြိမ် နေမည်ဟု သိရှိရသည်။ ဖိလစ်ပိုင်အစိုးရသည် ဆန်တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ရန် စဉ်းစားမှုနှင့်အတူ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) ကို ပြန်လည် ဖွဲ့စည်းနေချိန်တွင် အဆိုပါမူဝါဒ အပြောင်းအလဲများသည် ဗီယက်နမ်ပို့ကုန်များအပေါ် သိသာထင်ရှားသော လက်ငင်းအကျိုးသက်ရောက်မှု ရှိစေလိမ့်မည် မဟုတ်ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးရုံးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်စပါးဈေးကွက်တွင် တိုက်ရိုက်ဝင်ရောက်၍ ထိန်းကျောင်းနိုင်စေရန်နှင့် ဈေးနှုန်းများတည်ငြိမ်စေရန် ရည်ရွယ်လျက် NFA အား ပြန်လည်ဖွဲ့စည်းခြင်းကို လုပ်ဆောင်နေ ကြောင်း၊ ထို့အပြင် ဖိလစ်ပိုင်ပြည်တွင်း၌ ဆန်ကုန်သွယ်မှုကို ဖြေလျှော့ပေးသည့် ဥပဒေအမှတ် ၁၁၂၀၃ ကိုလည်း ပြင်ဆင်ရန်အတွက် လွှတ်တော်အမတ်များက ချင့်ချိန်စဉ်းစားနေကြကြောင်း သိရှိရသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် ဖိလစ်ပိုင်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုကို အဓိကဖြစ်ပေါ်စေသော ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမြင့်ဆုံး ဈေးနှုန်း များသတ်မှတ်ခြင်း အပါအဝင် အစိုးရ၏ ယခင်ဆောင်ရွက်ချက်များသည် ဈေးနှုန်းမြင့်တက်မှုကို တားဆီးရာတွင် ထိရောက်မှုမရှိကြောင်း သက်သေပြလျက်ရှိသည်။ NFA ၏ စျေးကွက်သို့ဝင်ရောက်ထိန်းကျောင်းရန် ကြိုးပမ်းမှုများသည် ဖိလစ်ပိုင်နိုင်ငံရှိ ဝင်ငွေနည်းပါးသူများ စားသုံးသည့် အရည်အသွေးနိမ့်ဆန်များကို အဓိက ပစ်မှတ်ထားကြောင်းနှင့် ဗီယက်နမ်ဆန်တင်ပို့သူများက အခိုင်အမာနေရာ ရရှိထားသော ပရီမီယံဆန်ဈေးကွက်ကို အဟန့် အတားဖြစ်စေမည် မဟုတ်ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးရုံးက အလေးပေးပြောကြားခဲ့သည်။

ဖိလစ်ပိုင်ဆန်ဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ လွှမ်းမိုးမှုရှိကြောင်း စာရင်းအင်းများက မီးမောင်းထိုးပြထားသည်။ ၂၀၂၄ ခုနှစ် ပထမ ၅ လတွင် ဗီယက်နမ်သည်  ဖိလစ်ပိုင်၏ စုစုပေါင်း ဆန်တင်သွင်းမှု၌ ၇၂% ကျော်ပါဝင်လျက် ထိပ်တန်းဆန်ပေးသွင်းသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ထိပ်တန်းဆန်တင်သွင်းသူအဖြစ် ရပ်တည်နိုင်ခြင်းမှာ ဗီယက်နမ်ဆန်များ၏ ဆန်သားနူးညံ့မှုနှင့် ငွေကြေးအရ ဝယ်ယူရန်တတ်နိုင်မှုတို့ကြောင့် လူသိများသော DT8 နှင့် 5451 ကဲ့သို့သော ဗီယက်နမ်ဆန်မျိုးများကို လူကြိုက်များခြင်းကြောင့်ဖြစ်ကြောင်း၊ ဗီယက်နမ်ဆန်သည် ၎င်း၏အရသာနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုအရ လက်ရှိကာလတွင် မနီလာမြို့တော်နှင့် တောင်ပိုင်းဒေသများ၌ ထိပ်တန်းနေရာများတွင် ရပ်တည်နေကြောင်း သိရှိရသည်။

ဗီယက်နမ်ဆန်သည် ၎င်း၏အရည်အသွေး၊ အမျိုးအစားနှင့် ယှဉ်ပြိုင်နိုင်သော စျေးနှုန်းများဖြင့် ဖိလစ်ပိုင်ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနေကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ ကုန်သွယ်ရေးသံမှူး Phung Van Thanh က ပြောကြားခဲ့သည်။ ဆန် ပမာဏနှင့်ဈေးနှုန်း နှစ်မျိုးလုံးပါဝင်သည့် တစ်သမတ်တည်းဖြစ်နေသော ရောင်းလိုအားသည် ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန်တင်သွင်းမှုလိုအပ်ချက်များနှင့် ကိုက်ညီပြီး ပထဝီဝင်အနေအထားအရ နီးကပ်မှုကလည်း ကုန်ကျစရိတ်သက်သာသော သယ်ယူပို့ဆောင်ရေးအဖြစ် အကောင်အထည် ဖော်ဆောင်နိုင်မှုရှိသည်ကို သိရှိရသည်။

အဆိုပါအချက်များအပြင် ဗီယက်နမ်ဆန်သည် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကဲ့သို့ အာဆီယံအဖွဲ့ဝင်မဟုတ်သော ဆန်တင်ပို့သည့်နိုင်ငံများက မရရှိနိုင်သည့် အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက် (ATIGA)၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) စသည့် နိုင်ငံစုံသဘောတူညီချက်များနှင့် နှစ်နိုင်ငံသဘောတူညီချက်များမှတစ်ဆင့် ကုန်သွယ်မှုဆိုင်ရာ အားသာချက်ကို ရရှိနေပါသည်။ .

ဗီယက်နမ်ဆန်တင်ပို့သူများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို့၏ ထိပ်တန်းနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ဖိလစ်ပိုင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗီယက်နမ် သံရုံးနှင့်ကုန်သွယ်ရေးရုံးတို့နှင့် ပူးပေါင်း၍ ဆန်တင်ပို့မှုမြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် ဖိလစ်ပိုင်စားသုံးသူ အများအပြား၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရည်အသွေး အသင့်အတင့်ရှိသောဆန်များနှင့် အရည်အသွေးနိမ့်ဆန်များအား တင်ပို့နိုင်မည့် အလားအလာကိုလည်း စူးစမ်းလေ့လာမှုပြုရန် Thanhက အကြံပြုခဲ့သည်။

Source: Vietnam Plus, 6 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News