International News

မြန်မာပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် အိန္ဒိယနိုင်ငံ၌ စတင်တင်သွင်း

Last Updated:

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထံမှ ပြောင်းများကို အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြုလျက် တင်သွင်းခြင်းအား စတင်ဆောင်ရွက်ခဲ့ရာ အနည်းဆုံးအားဖြင့် သင်္ဘော ၃ စီးသည် တမီနာဒူပြည်နယ် Thoothukudi မြို့ရှိ VO Chidambaranar ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဇူလိုင်လကုန် အထိ နောက်ထပ် ပြောင်းသင်္ဘောများ ထပ်မံဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ တမီနာဒူပြည်နယ် ဥစားကြက်လုပ်ငန်းရှင်များ ဈေးကွက်မြှင့်တင်ရေးအသင်းအဖွဲ့ (PFMS) ၏ ဥက္ကဋ္ဌဖြစ်သူ Vangili Subramanian ကမြန်မာနိုင်ငံထံမှ အစေ့ထုတ်ပြောင်းများ တင်ဆောင်လာသော သင်္ဘော ၃ စီးသည် အိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ စာချုပ်ချုပ်ဆိုထားမှုအရ နောက်ထပ်သင်္ဘော ၁၀ စီးသည်လည်း ဝင်ရောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကနဦးအစပိုင်း စာချုပ်ချုပ်ဆိုချိန်၌ မြန်မာပြောင်းများအား ဝယ်ယူတင်သွင်းသည့် ဈေးနှုန်း မှာ ၁ တန်လျှင် ၂၆၈ ဒေါ်လာဖြစ်သော်လည်း ယခုအခါ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံထံမှ ပြောင်းတင်ပို့မှု တစ်ကြိမ်အတွက်သာ ဝယ်ယူရန်စာချုပ်ချုပ်ဆို ထားကြောင်းဖြင့် Olam Agro India လီမိတက်မှ လုပ်ငန်းစုအကြီးအကဲ Sanjay Sancheti က ပြောဆိုသည်။ ပြောင်းကဲ့သို့သော လယ်ယာထွက်ကုန်များအား ကုန်သွယ်သည့် Rajathi Group မှ လုပ်ငန်းရှင် M Madan Prakash ကလည်း ပြောင်းတန်ချိန် ၁၀၀၀၀ ကို ၁ တန်လျှင် ၂၈၆ ဒေါ်လာ နှုန်းဖြင့် ဇူလိုင်လ၌ တင်ပို့ပေးမည်ဟု မြန်မာဘက်မှ ကမ်းလှမ်းခဲ့ရာ ၎င်းအနေဖြင့် ရွေးချယ်မှုမပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် ထည့်သွင်းစဉ်းစားမှုအရ မြန်မာနိုင်ငံထံမှ တင်သွင်းသောပြောင်းများသည် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိကြောင်း ကုန်သည်အသင်းတစ်ခုမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ပြောဆိုသည်။ ပြောင်းကို အခြားပင်ရင်းဒေသနိုင်ငံထံမှ တင်သွင်းခြင်းဖြစ်ပါက အိန္ဒိယအကောက်ခွန်ဌာနသည် အကောက်ခွန် ၆၀% အပြင် စုပေါင်းကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ၅% နှင့် လူမှုဖူလုံရေးထပ်ဆောင်းအခွန် ၁၀% တို့ကိုလည်း စည်းကြပ်မည်ဖြစ်သည်။ သို့ရာတွင် ဗဟိုအစိုးရသည် ကန့်သတ်အကောက်ခွန်နှုန်းဖြင့် တင်သွင်းခွင့်ကိုတာ သတ်မှတ်ချက် (Tariff Rate Quota - TRQ) စနစ်အောက်တွင် အစေ့ထုတ်ပြောင်းအား အကောက်ခွန် ၁၅% ဖြင့် တင်သွင်းပြုထားပြီး ၂၀၂၀ ပြည့်နှစ်၌ TRQ စနစ်ဖြင့် ပြောင်းတန်ချိန် ၅ သိန်းကို တင်သွင်းခွင့်ပြုခဲ့သည်။

ကော်မှုန့်အဖြစ် ပြုပြင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့ပါက စာချုပ်ချုပ်ဆိုထားရှိမှုအရ တန်ချိန် ၃ သိန်းအထိ တင်သွင်းဖွယ်ရှိသော အစေ့ထုတ်ပြောင်းများမှာ အကောက်ခွန်ကင်း လွတ်သက်သာခွင့် ရရှိနိုင်မည်ဖြစ်သည်။ ပထမအသုတ် တင်သွင်းလာသော ပြောင်းများသည် ကော်မှုန့်ထုတ်လုပ်ရန်အတွက်ဖြစ်ပြီး ဒုတိယအသုတ် တင်သွင်းမည့်ကုန်စည်များမှာမူ အီသနောလောင်စာထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တမီနာဒူပြည်နယ်၏ ကြက်မွေးမြူရေးကဏ္ဍ၌ အစေ့ထုတ်ပြောင်း ဝယ်လိုအားရှိပြီး အချို့သော မွေးမြူရေးခြံလုပ်ငန်းများသည် ပြောင်းကို ပြည်ပမှဝယ်ယူတင်သွင်းမှုရှိကြောင်း၊ ၎င်း၏ လုပ်ငန်းတွင်မူ ပြောင်းလိုအပ်ချက်အတွက် လုပ်ငန်းတည်ရှိရာ Namakkal မြို့အရောက် ၁ တန် လျှင် ရူပီးငွေ ၂၆၀၀၀ နှုန်းဖြင့် ဘီဟာပြည်နယ်မှ မှာယူရရှိကြောင်း၊ ပြည်ပမှ တင်သွင်းလာသည့် ပြောင်းဈေးနှုန်းနှင့် တူညီမှုရှိကြောင်း၊ ဝယ်လိုအား မြင့်တက်လျက်ရှိမှုအရ ပြည်ပမှ ပြောင်းများ တင်သွင်းရန်လည်း လိုအပ်လျက်ရှိကြောင်းဖြင့် PFMS အသင်း ဥက္ကဋ္ဌ Mr. Subramanian က ပြောဆိုသည်။

လက်ရှိကာလ၌ အိန္ဒိယပြည်တွင်းရှိ လယ်ယာထွက်ကုန် ဈေးကွက်ကော်မတီများ၏ ကုန်အဝယ်ဒိုင်များတွင် ပြောင်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) ၏ အလေးပေးပျမ်းမျှဈေးနှုန်းသည် ၂၀၉၁ ရူပီးနှုန်းရှိသည်။ ပြောင်းသီးနှံအတွက် အစိုးရက သတ်မှတ်ထားသော အခြေခံရည်ညွှန်း ဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ၂၀၉၀ ရူပီးဖြစ်သည်။ သို့ရာတွင် မဒ္ဒရာပရာဒေ့ရှ်၊ တမီနာဒူ၊ တဲလန် ဂါနာ၊ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များရှိ အချို့သော အဝယ်ဒိုင်များ၌ ပြောင်း ၁ ကွင်တယ်လျှင် ရူပီးငွေ ၂၄၀၀ နှုန်း၏ အထက်သို့ မြင့်တက်လျက်ရှိသည်။ ယခင်နှစ် ကာလတူ၌ အဆိုပါဒေသများတွင် ပြောင်းဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၁၇၀၀ မျှသာရှိခဲ့သည်။

ပြောင်းတင်သွင်းမှုနှင့် စပ်လျဉ်း၍ ဈေးနှုန်းကွာခြားမှုအရ လက်လှည့်ရောင်းချပြီး အမြတ်အစွန်းရယူမှုနှင့် အခွင့်အရေးပေး သွင်းကုန်အခွန်နှုန်း သတ်မှတ်ချက်တို့က အလုံးစုံဈေးကွက် ပုံပျက်ယွင်းခြင်းကို ဖြစ်စေကြောင်း၊ အစိုးရအနေဖြင့် ပြောင်းတင်သွင်းခွင့်ပြုရာတွင် အနိမ့်ဆုံး သွင်းကုန်ဈေးနှုန်းသတ်မှတ်ချက်နှင့် ကုန်ချဆိပ်ကမ်း ကန့်သတ်ချက်များကို ချမှတ်လျက် သတိပြု ဆောင်ရွက်သင့်ကြောင်း၊ လွန်ခဲ့သော ၂ နှစ်တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြုံတွေ့ခဲ့ရသောနိုင်ငံ၏ အရှေ့ပိုင်းနှင့်တောင်ပိုင်းတို့ရှိ လယ်သမားများအနေဖြင့် ယခုနှစ်၌ မုတ်သုံရာသီ ပုံမှန်ရှိ မည့် ခန့်မှန်းချက်အရ သီးနှံအထွက်နှုန်းမြင့်မားပြီး ဝင်ငွေတိုးတက်ကောင်းမွန်ရန် မျှော်လင့်လျက် ရှိကြောင်းဖြင့် နယူး‌ဒေလီမြို့အခြေစိုက် ကုန်သွယ်ရေးသုတေသီ S Chandrasekaran က ပြော ကြားခဲ့သည်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ဇွန်လ ပထမ သီတင်းပတ်၌ တတိယအကြိမ် သီးနှံအထွက်ခန့်မှန်းချက် ထုတ်ပြန်ရာတွင် ၂၀၂၄ ခုနှစ် ဇွန်လ၌ ကုန်ဆုံးသည့် သီးနှံစိုက်ပျိုးရေးနှစ်အတွင်း အစေ့ထုတ်ပြောင်း စုစုပေါင်းတန်ချိန် ၃၅.၆၇ သန်း ထွက်ရှိမည်ဟု ပြင်ဆင်ခန့်မှန်းထားသည်။ ယခင် သီးနှံစိုက်ပျိုးရေးနှစ်တွင် ပြောင်းတန်ချိန် ၃၈.၀၈ သန်း ထွက်ရှိခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ပြောင်းဝယ်လိုအားမှာ မြင့်တက်လျက်ရှိပြီး ကြက်မွေးမြူရေးကဏ္ဍတစ်ခုတည်းကပင် နှစ်စဉ် တန်ချိန် ၁ သန်းခန့် ထပ်ဆောင်းလိုအပ်ချက်ဖြစ်ပေါ်နေသည်။ လက်ရှိကာလတွင် ၎င်းကဏ္ဍ၏ ပြောင်းဝယ်လိုအားမှာ တန်ချိန် ၁၆ သန်းခန့်ရှိသည်။ မွေးမြူရေးလုပ်ငန်းအပြင် ကော်မှုန့်လုပ်ငန်းနှင့် အီသနောထုတ်လုပ်မှုတို့အတွက်လည်း ပြောင်းလိုအပ်ချက်ရှိနေသည်။ ဗဟိုအစိုးရက အီသနောထုတ်လုပ်ရာတွင် ကြံအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ယခုနှစ် တွင် အဆိုပါလုပ်ငန်းနယ်ပယ်၌ ပြောင်းလိုအပ်ချက်မှာ မြင့်တက်လာခဲ့သည်။ ယခင်ဘဏ္ဍာနှစ်၌ အီသနောထုတ်လုပ်ရာတွင် ပြောင်းတန်ချိန် ၀.၈ သန်းခန့်သာ သုံးစွဲခဲ့သော်လည်း ယခုဘဏ္ဍာနှစ်၌ တန်ချိန် ၃.၄ သန်းခန့်အထိ မြင့်တက်လာနိုင်ဖွယ်ရှိသည်။

အီသနောထုတ်လုပ်သည့် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ချိန်၌ အထူးသဖြင့် ဘီဟာပြည်နယ်တွင် အစေ့ထုတ်ပြောင်း တင်သွင်းမှုစတင်လျက် Visakhapatnam သို့မဟုတ် Kolkatta ဆိပ်ကမ်းများသည် ကုန်ချဆိပ်ကမ်းများ ဖြစ်လာလိမ့်မည်ဟု နိုင်ငံတကာနှင့် ကုန်သွယ်လုပ်ကိုင်လျက်ရှိသော ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုကြောင်း၊ အစိုးရအနေဖြင့် ပြောင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မျိုးဗီဇပြုပြင်ထုတ်လုပ်ထားသော ပြောင်းများအား အကောက်ခွန် ကင်းလွတ်ခွင့် သို့မဟုတ် နိမ့်ကျသော သွင်းကုန်အခွန်နှုန်းထားဖြင့် တင်သွင်းခွင့်ပြုရန် စဉ်းစား လျက်ရှိကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 7 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News