Local News

သုံးလတာအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ငါးသောင်းခန့် တင်ပို့ထား

Last Updated:

     ယခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း  ပြည်ပသို့ ရော်ဘာတန်ချိန် ငါးသောင်းခန့်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ အထွေ ထွေအတွင်းရေးမှူး ဦးခိုင်မြင့်၏ ပြောပြချက်အရ သိရသည်။ ရော်ဘာခြံပိတ် ရာသီအတွင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့်အတူ ပြည်တွင်းရော်ဘာ ဈေးနှုန်းများပါ ကျဆင်းနေပြီး ပြီးခဲ့သည့် ဇွန်လတွင် ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ရှိရာမှ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၆၅၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း သိရသည်။

     ထို့အပြင် ပြည်တွင်းရော်ဘာ ဈေးနှုန်းများမှာလည်း တစ်ပေါင်လျှင် ၁၄၀၀ ကျပ် ဝန်းကျင်မှ ၁၂၀၀ ကျပ် ဝန်းကျင်သို့ ကျဆင်းလာကြောင်း သိရသည်။ “ဒီဘဏ္ဍာနှစ် သုံးလတာမှာ ပြည်ပကို ရော်ဘာတန်ချိန် ငါးသောင်းလောက် တင်ပို့ပြီးပါပြီ။ အခုထပ်ပြီး တင်ပို့ဖို့ ရော်ဘာတန်ချိန် တစ်သောင်းလောက်ရှိမှာပါ။ ကမ္ဘာ့ရော်ဘာဈေးနှုန်းက ကျဆင်းနေတော့ ပြည်တွင်း ရော်ဘာဈေးနှုန်းလည်း ကျဆင်းနေတယ်”ဟု ဦးခိုင်မြင့်က ပြောသည်။ 

     ပြည်တွင်း၌ ရော်ဘာအစေးခြစ်လုပ်ငန်းများကို မိုးရာသီအစပိုင်းတွင် ယာယီရပ်နားလေ့ရှိပြီး မိုးရာသီ ကုန်ဆုံးချိန်၌ ပြန်လည်လုပ်ကိုင်ကြကြောင်း သိရသည်။ ရော်ဘာကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ၌ အများဆုံးစိုက်ပျိုးပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကာ တစ်နိုင်ငံလုံး၌ ရော်ဘာစိုက်ဧက တစ်သန်းကျော်ရှိကြောင်း သိရသည်။

Source: Popular News Journal

Category: Local News