International News

ဒုတိယနှစ်ဝက် ထိုင်းဆန်တင်ပို့မှု အယ်လ်နီညိုကြောင့် အလားအလာ မြင့်မား

Last Updated:

     ထိုင်းနိုင်ငံသည် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုအပေါ်  စိုးရိမ်မှုများကြောင့် ဆန်ဝယ်ယူတင်သွင်းပြီး အရန်ဆန် သိုလှောင်ကြသဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၉ သန်းအထိ တင်ပို့နိုင်ဖွယ် ရှိသည်။ ထိုင်းနိုင်ငံသည် ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၄ ဒသမ ၁ သန်း တင်ပို့နိုင်ခဲ့သည်။ ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse ၏ ပြောကြားချက်အရ  ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဆန်တန်ချိန် ၄-၅ သန်းခန့် တင်ပို့ရန် အခွင့်အလမ်းကောင်းရှိနေသည်။

     “ပို့ကုန်ဆန်ဈေးက ၁၁ နှစ်အတွင်း အမြင့်ဆုံးအဆင့်အထိ တက်လာတယ်” ဟု ၎င်းက ဆိုသည်။ “free-on-board FOB ထိုင်းဆန်ဖြူဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၁၀ အထိ တက်သွားတယ်။ ဗီယက်နမ်ဆန် ဈေးနှုန်းအတိုင်း ဖြစ်သွားတယ်။ အရင်တုန်းက ထိုင်းဆန်ထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အထိ ဈေးသက်သာခဲ့တဲ့ အိန္ဒိယဆန်က ယခုအခါ တစ်တန် ကန်ဒေါ်လာ ၄၈၀ ဖြစ်နေပြီ"ဟု Mr Chookiat က ပြောကြားသည်။

     ကမ္ဘာ့ဆန် အထွက်နှုန်း ကျဆင်းသွားစေနိုင်သည့် အယ်လ်နီညိုနှင့်စပ်လျဉ်း၍ အလွန်စိုးရိမ်ကြောင့်ကြမှုရှိနေကြကြောင်း Mr Chookiat က ပြောကြားသည်။ သို့ဖြစ်ရာ ဆန်ကို အသည်း အသန် ဝယ်ယူတင်သွင်းနေကြသည်။ နိုင်ငံအများအပြားသည် ဆန်ပြတ်လပ်မည့်အရေးက်ု အနည်းဆုံး လျှော့ချရန် အရန်ဆန်စပါး သိုလှောင်နေကြသည်။ အဓိက ဆန်တင်သွင်းသော နိုင်ငံအများအပြားတို့သည် ၎င်းတို့၏ အရန်ဆန် သိုလှောင်မှုပမာဏကို တိုးမြင့်ထားကြသည်။

     ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဆန်ပိုမိုဝယ်ယူမည်ဟု ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန် တန်ချိန် ၂ သန်း ဝယ်ယူထားပြီးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံက တန်ချိန် ၁ သန်း တင်သွင်းနေပြီ ဖြစ်ပါသည်။ မလေးရှားနိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှု လျော့ကျခြင်းနှင့် သိုလှောင်မှု လက်ကျန်အခြေအနေအရ ဆန်တန်ချိန် ၁ ဒသမ ၂ သန်း တင်သွင်းရန် စီစဉ်ထားသည်။ မလေးရှားနိုင်ငံတွင် ဆန်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သဖြင့် ထိုင်းဆန် ပိုမိုဝယ်ယူ တင်သွင်းမည်ဖြစ်သည်။ 

     ဗီယက်နမ်နိုင်ငံသည် နှစ်စဉ်တင်ပို့နိုင်မှုမှာ တန်ချိန် ၇ သန်းဖြစ်သော်လည်း ပထမငါးလအတွင်း စုစုပေါင်းတန်ချိန် ၄ သန်း တင်ပို့ခဲ့သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန် တင်သွင်းမှုကို တိုးမြှင့်ခဲ့ပြီး ဆန်လက်ကျန် ပိုများအောင် စတင်စုဆောင်းလာခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန် ၆ ဒသမ ၃ သန်း တင်ပို့ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်  ဆန်တန်ချိန် ၇ ဒသမ ၆၉ သန်း တင်ပို့ခဲ့သည်။

     ၂၀၂၂ ခုနှစ်တွင်  ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၂၁ ဒသမ ၉ သန်း တင်ပို့ခဲ့သည့် အိန္ဒိယနိုင်ငံပြီးနောက် နံပါတ် ၂ နေရာတွင် ရပ်တည်ခဲ့သည်။  ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၆ ဒသမ ၃၁ သန်းဖြင့် တတိယနေရာ ရရှိခဲ့သည်။ အီရတ်နိုင်ငံသည် ထိုင်းဆန်တန်ချိန် ၁ ဒသမ ၆ သန်းကို ယမန်နှစ်တွင် ဝယ်ယူတင်သွင်းခဲ့သည်။ ထိုင်းဆန်အများဆုံး တင်သွင်းခဲ့သည်။ တောင်အာဖရိကနိုင်ငံမှ ထိုင်းဆန် တန်ချိန် ၇၇၅,၀၀၀ တင်သွင်းခဲ့ပြီး ထိုင်းဆန် ဒုတိယအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည်။

     တရုတ်နိုင်ငံသည် ထိုင်းဆန် တန်ချိန် ၇၅၀,၀၀၀ တင်သွင်းခဲ့ပြီး အမေရိကန်သည် တန်ချိန် ၆၅၀,၀၀၀ တင်သွင်းခဲ့သည်။ ဘီနင်သည် တန်ချိန် ၃၂၁,၀၀၀ တင်သွင်းခဲ့သည်။ အယ်လ်နီညို သက်ရောက်မှုအတွက်  မိုးရွာသွန်းမှုရေချိန်ကို ဇူလိုင်လမှ စက်တင်ဘာလအထိ စောင့်ကြည့်ဖို့ လိုအပ်ကြောင်း Mr Chookiat က ပြောကြားသည်။ ၎င်းကာလအတွင်း   မိုးရွာသွန်းမှုရေချိန် ကျဆင်းကျဆင်းသွားပါက မိုးရွာသွန်းမှုအပေါ် မှီခိုနေရသော စပါးထွက်ရှိမှုကို ထိခိုက်စေမည်ဖြစ်သည်။

     မိုးရွာသွန်းမှု လျော့နည်းခြင်းကြောင့် ထိုင်းဆန်ထုတ်လုပ်မှုသည် ပုံမှန်အထွက်နှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြည်တွင်း စပါးဈေးသည် တစ်တန်လျှင် ဘတ် ၁၁,၀၀၀ အထိ ရောက်ရှိနေသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News