Local News

ပဲနီပြားများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်

Last Updated:

     ပြည်တွင်းစားသုံးမှု များပြားလာခြင်းကြောင့် မြန်မာ့ထွက်ကုန်သီးနှံ ပဲနီပြားများ မန္တလေးဈေးကွက်အတွင်း ဈေးကောင်းရရှိကာ ယခုရက်ပိုင်းတွင် အရောင်းအဝယ်များ သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အရောင်းသွက်လျက်ရှိ

     လက်ရှိတွင် ပဲနီပြားများမှာ ဈေးကွက်အတွင်းသို့ နယ်စုံဒေသအသီးသီးတို့မှ ဝင်ရောက်နေကြောင်း၊ အဆိုပါ ပဲနီပြားများသည် ဈေးကွက်အတွင်း၌ ပေါ်ဦးပေါ်ဖျား တပေါင်းလအတွင်းက သုံးတင်းဝင်တစ်အိတ်လျှင်  ငွေကျပ်  ၁၆၀၀၀၀  နှုန်းသာရှိခဲ့ရာမှ  ယခုအချိန်တွင်  သုံးတင်းဝင်တစ်အိတ်လျှင်  ငွေကျပ်   ၃၂၀၀၀၀  ဈေးထိ  ပေါက်ဈေးရှိနေပြီး   ဈေးနှုန်းများမြင့်တက်ကာ  အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

     “မန္တလေးဈေးကွက်မှာ ပဲနီပြားတွေစံချိန်တင် ဈေးနှုန်းမြင့်တက်နေတယ်။ ပြည်တွင်းမှာ ကုလားပဲစားသုံးမှုပြီးရင် ပဲနီပြားကို အများဆုံးစားသုံးကြပါတယ်။ သိုလှောင်သူတွေ လက်ထဲမှာ လက်ကျန်နည်းနေပါပြီ။ နယ်တွေဘက်မှာလည်း မရှိသလောက် ဖြစ်သွားပါပြီး။ ဒါကြောင့် ဈေးကောင်းရရှိနေပါတယ်” ဟု ၎င်းကပြောသည်။

      အဆိုပါ ပဲနီပြားကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်းနုန်းတင်မြေနုများတွင် ပိုမိုစိုက်ပျိုးကြကာ အောင်မြင်ဖြစ်ထွန်းကြကြောင်း၊ ပဲနီပြားသီးနှံသည် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာစိုက်ပျိုးကြကာ စိုက်ပျိုးစရိတ်သက်သာပြီး အထွက်နှုန်းကောင်းမွန်သည့် ပဲအမျိုးအစားဖြစ်ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News