Local News

ရန်ကုန်ဆန်ချောဈေး မြင့်တက်လာ

Last Updated:

ရန်ကုန်ဆန်ဈေးကွက်ထဲမှာ အခုတစ်ပတ် ဆန်ချောဈေးနှုန်းတွေဟာ တစ်အိတ်ကို ကျပ်ငါးထောင်ကနေ ကျပ် တစ်သောင်းကြား မြင့်တက်လာတယ်လို့ ရန်ကုန်မြို့က ဆန်လက်ကားရောင်းချနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေက ရန်ကုန်ဆန်ဈေးကွက်ထဲမှာ ဆန်ချောဈေးနှုန်းတွေ တည်ငြိမ်နေရာကနေ အခုတစ်ပတ် မှာတော့ ဆန်ချောပေါ်ဆန်းအမျိုးအစားတွေဟာ ဈေးနှုန်းမြင့်တက်လာပြီး ဆန်ကြမ်းတွေပါ ဈေးအနည်းငယ်တက်လာတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ Export ဆန်ဈေး ကျဆင်းနေပေမယ့် ပြည်တွင်းဆန်ဈေးကတော့ မြင့်တက်နေတာပါ။ အခုလို ဆန်ဈေးမြင့်တက်နေတာဟာ ဆန်အဝင်နည်းတာနဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ကြီးမြင့်လာတာကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့က ရွှေမိုး ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

စားသုံးသူတွေအများစုကတော့ ဆန်ချောထက် ဆန်ကြမ်းဝယ်ယူမှု များပြားတယ်လို့ ဆိုပါတယ်။ လက်ရှိ ရန်ကုန်ဆန်ဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် တစ်သိန်းလေးသောင်းကျော်၊ ပေါ်ဆန်း၊ ပေါ်ဆန်းရှယ်၊ ကြားပျံရှယ် အပါအဝင် ပေါ်ဆန်းအမျိုးအစားတွေက တစ်အိတ်ကို ကျပ်တစ်သိန်းကျော်နဲ့ ဆန်ကြမ်း ဧည့်မထတစ်အိတ်ကို ကျပ်ခုနစ်သောင်းအထိ ဈေးရှိလာတယ်လို့ သိရပါတယ်။

ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဆန်ကုန်သည်အသင်းအဖွဲ့တွေပူးပေါင်းပြီး ဩဂုတ်လ ၇ ရက်က စတင်ကာ လက်လီဈေးထက် သက်သာတဲ့ဈေးနဲ့ ဆန်အိတ်တွေ ထုတ်ရောင်းပေးနေပေမယ့် ဆန်ဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

Source: https://t.me/htwettoe

 

Category: Local News