International News

နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ၂၀ % တိုးမြှင့်ရန် ရည်ရွယ်ထားသော ထိုင်းနိုင်ငံ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏကို ယခုနှစ်ခန့်မှန်းပမာဏထိုင်းဘတ် ၁ ထရီလီယံထက် ၂၀ %  ပိုမို၍ ထိုင်းဘတ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၃ ဘီလီယံ) ရရှိရန် ရည်မှန်းထားပါသည်။

ဒုတိယဝန်ကြီး NapintornSrisunpang က အဆိုပါရည်မှန်းချက်ရရှိရန် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ထုတ်ကုန်မျိုးစုံ၊ ပထဝီဝင် နေရာပြထုတ်ကုန်(geographical indication products) နှင့် franchisesများအား မြှင့်တင်ရန် စီမံထားကြောင်း၊ ပြပွဲများနှင့် စီးပွားရေးလုပ်ငန်း တွေ့ဆုံပွဲများကျင်းပပေးခြင်း၊ ကုန်သွယ်မှုအတားအဆီးများ လျှော့ချရေးမဟာဗျူဟာများချမှတ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများမှ အရာထမ်းများ၊ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာအသင်းအဖွဲ့များနှင့် တွေ့ဆုံနိုင်မည့် ပလက်ဖောင်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ငန်းများက အဓိကနယ်စပ် ကုန်သွယ်မှုဒေသများဖြစ်သည့် ချင်းရိုင်၊ မဲဆောက်၊ ဆုန်ခလာ (Songkhla)၊ နောင်ခိုင် (NongKhai)၊ ဆူရင် (Surin) နှင့် ဘူရီရမ် (Buriram) ဒေသများတွင် ဦးဆုံးစတင်သွားရန် စီစဉ်ထားကြောင်း၊ အိမ်နီးချင်းနိုင်ငံအချို့တွင် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများရှိသော်လည်း ထိုင်းစားသုံးကုန်များ၏ အရည်အသွေးနှင့် ဈေးနှုန်းချိုသာမှုတို့ကြောင့် နာမည်ကောင်းရှိပြီးဖြစ်၍ အလားအလာကောင်းများရှိသည်ဟု ယုံကြည်ပါကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်း ကုန်သွယ်မှုတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ တိုးတက်မှုနှင့် ပို့ကုန်တင်ပို့နိုင်မှုသည် အရေးကြီးကြောင်း၊ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၂ သန်း အနက် ၉ သိန်းသာ လုပ်ငန်းလည်ပတ်နေကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ပို့ကုန်မှရငွေသည် ၆ % ခန့် လျော့နည်းခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ပါဝင်မှုသည် ၄၀% မှ ၅၀% ထိရှိ သော်လည်းထိုင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်ကုန်တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများ၏ ပါဝင်မှုသည် ၃၄ % သာရှိသောကြောင့် ၃၅.၂ % ထိ ပါဝင်နိုင်ရန် ရည်မှန်းထားပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

Source: Vietnamplusu

Source: https://commerce.gov.mm/

Category: International News