Local News

ပြည်ဈေးကွက်သို့ ချင်းအသစ်များ စတင်ဝင်ရောက်

Last Updated:

ပြည်ဈေးကွက်သို့ ချင်းတက်အသစ်များ အောက်တိုဘာလဆန်းမှစ၍ ရှမ်းပြည်နယ် အောင်ပန်းဘက်မှ ရက်ခြားဝင်ရောက်လာခဲ့ပါသည်။ ချင်းဝင်ရောက်မှုအနေဖြင့် ပိဿာ(၃၀)ဝင်အိတ် ၂၀၀၀ခန့် ရက်ခြားဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းကို ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလို ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ချင်းကို ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းသို့တင်ပို့ရန် ဝယ်ယူမှုများသဖြင့် စက်တင်ဘာလ တတိယပတ်တွင် ချင်းတက်တစ်ပိဿာလျှင် ပွဲရုံဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ၉၀၀၀-၁၀၀၀၀ကျပ်အထိ ရောင်းချခဲ့ပါသည်။ ယခုအောက်တိုဘာလ ပထမပတ်တွင် ချင်းအသစ်များဝင်ရောက်လာသဖြင့် တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဈေးဖြင့် ရောင်းချပြီး ချင်းအဟောင်းများမှာ ယခင်ဈေးဖြစ်သော စက်တင်ဘာလ တတိယပတ်ဈေးအတိုင်း ရောင်းချကြပါသည်။ ပြည်ချင်းဈေးကွက်တွင် လက်လီ/လက်ကားရောင်းဝယ်သူများနှင့် ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် ပိဿာချိန်ပေါင်း ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းသုပ် သုပ်၍စားရသော ဒါးလှီးချင်းဈေးမှာလည်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News