Local News

ပြည်ဈေးကွက်အတွင်း ရောက်ရှိလာသောပင်မှည့်သီး

Last Updated:

ပင်မှည့်သီးတွင်အဝါရောင်နှင့် ခရမ်းရောင်အပင်နှစ်မျိုးရှိပါသည်။ ခရမ်းရောင်အသီးများသည် အဝါရောင်အသီးများထက်ပို၍ အရသာမှာစားကောင်းသောအသီးဖြစ်ပါသည်။ ပင်စည်များ သည် တုတ်ခိုင်ပြီး သန်မာသောနှစ်ရှည်နွယ်ပင်မျိုးဖြစ်ပါသည်။ နှာမောင်းတံအရှည်ကြီးများပါဝင်သော အနွယ်ပင်များဖြစ်သည့်အတွက် ၎င်းအပင်နှင့်အနီးကပ်ရှိသောအပင်များကို ရစ်ပတ်တွယ်တတ်တဲ့ အပင်များဖြစ်ပါသည်။ အခွံမှာထူထူပြောင်ပြောင်ဖြစ်ပြီး အသီးများနုချိန်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည့်လာသောအခါ အဝါမျိုးတွင်အဝါရောင်ဖြစ်လာပြီး ခရမ်းရောင်မျိုးမှာ ခရမ်းရောင်ဖြစ်လာပါသည်။ ရင့်မှည့်လာသည့်အခါ ဆွတ်ခူးရပြီး ရင့်သထက်ရင့်မှည့်လာပါက အသီးများမှာ ကြွေကျတတ်ပါသည်။

အဝါမျိုးများ၏ အရွက်မှာ ခရမ်းရောင်မျိုးထက် အရွက်များပိုကြီးပြီး အသီးများမှာလည်း အရွယ်အစားပိုကြီးပါသည်။ အဝါအသီးများမှာရင့်မှည့်လာလျှင် အဖြူ၊ အစက်အပြောက်ကလေးတွေ ပါရှိပါသည်။ စိုက်ပျိုးရာတွင် နွယ်ပင်ဖြစ်သည့်အတွက် စင်တင်ပြီးစိုက်ပျိုးရပါသည်။ စင်ပေါ်တင်ပြီး အညွှန့်များအား အပွင့်များမပွင့်ခင်အချိန်တွင် ခေါင်ညွှန့်များအားနှိမ်ပေးရပါသည်။ ပင်မှည့်သီးများသည် ကျေးလက်ဒေသများ အလေ့ကျပေါက်ရောက်တတ်ပါသည်။ စီးပွားဖြစ် စနစ်တကျစိုက်ပျိုးရာလျှင် ကိုင်းဖြတ်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ကိုင်းဖြင့်စိုက်ပျိုးရာတွင် အပင်စိုက်ပြီး (၁)နှစ် သို့မဟုတ် (၂)နှစ်အကြာတွင် ပင်မှည့်သီးများအား ခူးဆွတ်လို့ရပါသည်။

ပင်မှည့်သီးများအားဈေးကွက်အတွင်းတွင် ဖျော်ရည်အဖြစ် သောက်သုံးကြပါသည်။ ပင်မှည့်သီးများအား ဈေးကွက်အတွင်း ရောင်းချရာတွင် အလုံးကြီးသီးသန့်တစ်ပိဿာလျှင် ၁၉၀၀ကျပ်၊ အလုံး အကြီး၊ အသေး သောင်းပြောင်းရောင်းချရာတွင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News