Local News

ပွင့်ဖြူမြို့နယ်၌ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဒေသခံတောင်သူများ ငရုတ်စိုက်ပျိုး

Last Updated:

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် ငရုတ်ကို  စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ပြောဆိုချက်အရ သိရသည်။

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားစေဖို့ စားဖိုဆောင်သီးနှံတွေကို အားထားစိုက်ပျိုးကြတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာ ငရုတ်ကဈေးကောင်းရရှိနေတော့ ဒေသခံတောင်သူတွေ စီးပွားဖြစ်စိုက်ပျိုးလာကြတယ်။ ဒေသခံတောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ငရုတ်က သာမို- ၁၁  ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကုလားအော်ငရုတ်မျိုးကိုလည်း စိုက်ပျိုးကြပါတယ်။ တောင်သူတွေကိုလည်း စားဖိုဆောင်သီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခက်အခဲမရှိအောင် GAP စိုက်ပျိုးရေးနည်းစနစ်တွေနဲ့ သွင်းအားစုပစ္စည်း အသုံးပြုပုံနည်းစနစ်တွေကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပါတယ်ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့မှ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် ရာသီမရွေး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြသည်။ ထိုသို့သီးနှံများစိုက်ပျိုးရာတွင် မိသားစုဝင်ငွေတိုးပွားစေရန် နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်မျိုးစုံကို အားထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်စိုက်ပျိုးရေးလုပ်ငန်းတွင် တွက်ခြေကိုက်သည့်ငရုတ်ကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ သီးနှံအထွက်နှုန်းတိုးစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ    အခြေခံစိုက်ပျိုးရေးနည်းပညာများနှင့် သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေး ဒေသခံတောင်သူများကို အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News