Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်ဖြူတစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့်ကြက်သွန်ဖြူများ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း မအူပင်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်အတွင်း ရှမ်းပြည်နယ်မှ ကြက်သွန်ဖြူများ ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်အတွင်းက  ရှမ်းပြည်နယ်မှဝင်ရောက်လာသည့်  ကြက်သွန်ဖြူတစ်ပိဿာလျှင်  ငွေကျပ် ၈၅၀၀ ထိသာ ဈေးရှိခဲ့ပြီး အောက်တိုဘာလ ပထမပတ်မှ ယ‌နေ့(အောက်တိုဘာလ ၁၇)ရက်နေ့ထိ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း သိရသည်။

“ကြက်သွန်ဖြူက အောက်တိုဘာလ ပထမပတ်လောက်ကတည်းက ဈေးကောင်းနေတာပါ။ လက်ရှိမအူပင်မြို့နယ်အတွင်းကို ရှမ်းပြည်နယ်ဘက်ကနေ ထွက်ရှိတဲ့ ကြက်သွန်ဖြူတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ဝင်ရောက်နေတဲ့ ကြက်သွန်ဖြူတွေက သန့်ရှင်းပြီးအရည်အသွေး ကောင်းတာလဲတွေ့ရပါတယ်။ လက်ရှိ  ကြက်သွန်ဖြူ  တစ်ပိဿာကို  ငွေကျပ်  ၃၀၀၀  လောက်ထိ  အရင်ထက်ဈေးပိုရနေပါတယ်။ ကြက်သွန်ဖြူဈေးကောင်းလာပေမဲ့ အရောင်းအဝယ်က ကောင်းနေပါတယ်” ဟု ဒေါ်စုလှိုင်က ပြောပြသည်။

မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးနှင့် ကြက်သွန်ဖြူပွဲရုံများသို့ တစ်ရက်လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၁၀၀၀ မှ ၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ အဆိုပါ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ ဈေးကောင်းရရှိလာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ လုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News