Local News

အမာမြို့မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၇၅၀၀၀ တင်ပို့‌ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကင်းမွန်ပိဿာချန် ၇၅၀၀၀ တင်ပို့ရောင်းချခဲ့ရကြောင်း အမာမြို့မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။

အမာမြို့မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ကင်းမွန်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ကင်းမွန်များအပါအဝင် ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“အခု ကင်းမွန်တွေ အဝင်များပြီး အရင်ကထက်ပိုမိုတင်ပို့ရောင်းချနေရတယ်။ အောက်တိုဘာလအတွင်းက ရန်ကုန်ဈေးကွက်ကို ကင်းမွန်ပိဿာချိန် ၄၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်း ရန်ကုန်ဈေးကွက်ကို ကင်းမွန်ပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချခဲ့ရတယ်။ အောက်တိုဘာလထက် နိုဝင်ဘာလမှာ ကင်းမွန်ပိဿာချိန် ၃၀၀၀၀ ပိုမိုတင်ပို့ရောင်းချခဲ့ရတယ်။ ကုန်ချိန်တွေ များများတင်ပို့ရောင်းချခဲ့ရပေမဲ့ ကင်းမွန်ဈေးကငြိမ်နေပါတယ်။ ဒီဘက်ကထွက်ရှိတဲ့ ကင်းမွန်တွေအပါအဝင် ရေထွက်ကုန်တွေကို ဖျာပုံနဲ့ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချတာများပါတယ်” ဟု အမာမြို့မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။

အဆိုပါ ကင်းမွန်များကို စနစ်တကျ စစ်ဆေးသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ကင်းမွန်အကြီးတစ်ပိဿာလျှင် ငွေကျပ် ၂၉၀၀၀၊ ကင်းမွန်အသေးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ဈေးပေါက်နေကြောင်း၊ ကင်းမွန်တင်ပို့ရောင်းချမှု များလာသည့်အတွက် ကုန်သည်များ၊ ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News