Local News

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ(ဆောင်းမြေပဲ)များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မြန်မာနိုင်ငံသည် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအကြီးမားဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှံစားသီးနှံနှင့် ပဲစားမျိုးစုံတို့စိုက်ပျိုးပြီးနောက် ဆီထွက်သီးနှံကို အများဆုံးစိုက်ပျိုးခြင်းဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို နှစ်စဉ်ကျယ်ပြန့်စွာစိုက်ပျိုးကြပါသည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံမြေပဲများကို ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေနှင့် သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် ဆိပ်ဖြူမြို့၌ (ဆောင်း)မြေပဲ စိုက်ဧက (၂၀၀၀)ဧကခန့်စိုက်ပျိုးထားရှိပြီး စိုက်ပျိုးမှုအခြေအနေအားသိရှိရန် ရွာသစ်ရပ်ကွက်ရှိ မြေပဲစိုက်တောင်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

စိုက်တောင်သူက ယခုနှစ်တွင် (ဆောင်း)မြေပဲ (၃)ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ မြေအောက်ရေဖြင့်စိုက်ပျိုးကြောင်း၊ (၃)လပဲ နှစ်ဆစ်တောင့်ပါရှိသော အဆံသေးအဖြူမျိုးကိုစိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ လှိုင်လှိုင်စိုက်ပျိုးကြောင်း၊ ဖေဖော်ဝါရီလကုန် မတ်လဆန်းပိုင်းတွင်တူးဖော်ကြောင်း၊ ယခုနှစ်တွင် မြေပဲမျိုးစေ့တစ်ပြည်လျှင် ကျပ်(၇၀၀၀)၊ တစ်တင်းလျှင်  ကျပ်(၁၀၀၀၀၀)ခန့်ဖြင့်ဝယ်ယူရကြောင်း၊ တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲ (၂၄)ပြည်ခန့်ကုန်ကျပြီး အထွက်တင်းမှာ မြေအောက်အစိုဓာတ်ကောင်းပြီး ဖျက်ပိုးကင်းကာ အပင်ပေါက်စုံပါက တစ်ဧကလျှင် (၃၅)တင်းမှ (၄၅)တင်းအထိထွက်ရှိကြောင်း၊ တစ်ဧကလျှင် ကုန်ကျစရိတ်မှာ ယခင်နှစ်တွင် (၄၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး ယခုနှစ်တွင် ကုန်ကျစရိတ်ပိုမိုကြီးမြင့်မှုကြောင့် ကျပ်(၆၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် (ဆောင်း)မြေပဲပေါ်ချိန်၌ ဒေသဈေးကွက်တွင် ပြည်တွင်းထွက်မြေပဲဆံများ ပြည်ပအပေါ်လိုက်၍ မြေပဲဆံတစ်ပြည်လျှင် ကျပ် (၆၅၀၀-၇၀၀၀)၊ တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့်ရောင်းချရ၍ တောင်သူများအကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ် မိုးမြေပဲပေါ်ချိန်၌ ဒေသဈေးကွက်တွင် အတောင့်ခြောက်တစ်တင်းလျှင် ကျပ် (၂၅၀၀၀)၊ အဆံတစ်ပြည်လျှင် ကျပ်(၆၅၀၀/၇၀၀၀)၊ ဆီဆံတစ်ပြည်လျှင် ကျပ်(၅၅၀၀/၅၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဖေဖော်ဝါရီလ သီးနှံပေါ်ချိန်တွင် မြေပဲဈေးကွက်လက်ရှိပေါက်ဈေးထက် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ရောင်းချရမည်ဆိုလျှင် စိုက်တောင်သူများ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

ဆီထွက်သီးနှံ(ဆောင်းမြေပဲ)စိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိကာ ပြည်တွင်းသုံးစွဲမှုများခြင်းအပြင် ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိပြီး အကျိုးအမြတ်များစွာရရှိ၍ (ဆောင်းမြေပဲ)များကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News