International News

မလေးရှားနိုင်ငံတွင် ဒူးရင်းသီးအထွက်နှုန်း များပြားလွန်းသဖြင့် စျေးနှုန်းများ ထိုးကျသွား

Last Updated:

မလေးရှားနိုင်ငံရှိ ပြည်နယ်အများအပြားတွင် ဒူးရင်းသီးအထွက်နှုန်း အဆမတန် များပြားနေခြင်းကြောင့် ဒူးရင်းသီးစျေးနှုန်းများ ထိုးကျသွားခဲ့ရာ ‘ဆူးနက်’ (Black Thorn) ဒူးရင်းသီး အမျိုးအစားသည် တစ်ကီလိုဂရမ်လျှင် မလေးရှားရင်းဂစ် ၁၃ ရင်းဂစ် (စင်ကာပူဒေါ်လာ ၄ ဒေါ်လာ) အထိ အနိမ့်ဆုံးစျေးနှုန်းသို့ ရောက်ရှိသွားကြောင်း သိရပါသည်။

ပီရတ် (Perak)၊ ပါဟန်း (Pahang) နှင့် ဂျိုဟိုး (Johor) စသည့် ပြည်နယ်များတွင် ဒူးရင်းသီးဆွတ်ခူးမှုမှာ အထွက်နှုန်းအကောင်းဆုံး ရာသီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သောကြောင့် လာမည့်ရက်သတ္တပတ်တွင် စျေးနှုန်းများ နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းသွားနိုင်ကြောင်း သိရပါသည်။

ကဒါး (Kedah) ပြည်နယ်ရှိ ‘668 Durian King’ ဒူးရင်းသီးဆိုင်ပိုင်ရှင် လိုင်ကျင်းချွန်းက ၎င်း၏ဆိုင်ရှိ ‘ဆူးနက်’ ဒူးရင်းသီးစျေးနှုန်းများသည် လက်ရှိတွင် အရွယ်အစားအပေါ်မူတည်၍ တစ်ကီလိုဂရမ်လျှင် ၁၃ ရင်းဂစ်မှ ၁၅ ရင်းဂစ်ကြားသာ ရှိတော့ကြောင်း ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ သစ်သီးစိုက်ပျိုးသူနှင့် ဒူးရင်းသီးရောင်းချသူတစ်ဦးဖြစ်သူ လိုင်ဆိုသူက ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများသည် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်းနှင့် ၎င်းမှာ မကြာသေးမီနှစ်များအတွင်း တွေ့ရခဲသည့် အနိမ့်ဆုံးစျေးနှုန်း ဖြစ်သောကြောင့် ဒူးရင်းသီးစားသုံးရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရပါသည်။

ယခုကဲ့သို့ စျေးနှုန်းကျဆင်းရခြင်းမှာ ရာသီဥတုအခြေအနေနှင့် အထွက်နှုန်းတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု လိုင်က သုံးသပ်ခဲ့ပြီး “ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဒူးရင်းပင်တွေ အပွင့်ပွင့်တာနဲ့ အသီးသီးတာ အရမ်းကောင်းခဲ့တယ်” ဟု ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်လက  Fairprice သည် ၎င်း၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော လျှပ်တပြတ်အထူးလျှော့စျေးကို စတင်ခဲ့ပြီး ကမ်ပုန်း ဒူးရင်းသီးတစ်လုံးလုံး (၆၀၀ ဂရမ်မှ ၈၀၀ ဂရမ်အထိ) ကို ၁.၉၅ ဒေါ်လာတည်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ယခုနှစ် အရောင်းပွဲတော်ကို ရက်သတ္တပတ် သုံးပတ်အတွင်း မတူညီသော နေရာသုံးခု၌ တိုးချဲ့ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Source:   https://www.doca.gov.mm/

Category: International News