International News

ဗီယက်နမ် LNG ဖြင့် ဓာတ်အား အမြောက်အမြား ထုတ်လုပ်မည်

Last Updated:

          ဗီယက်နမ်သည် ၂၀၃၀ ခုနှစ်တွင် ဓာတ်ငွေ့ သုံးစွဲမှု ၄ ဆတိုးပြီး တိုင်းပြည်၏ ပထမဆုံး စွမ်းအင်ရင်းမြစ်အဖြစ် ပြောင်းလဲရန် အစီအစဉ် ရေးဆွဲထားသည်။ ထို့အတွက် သဘာဝဓာတ်ငွေ့ရည်  liquefied natural gas (LNG) တင်သွင်းမှုနှင့် တောင်တရုတ်ပင်လယ်မှ ဓာတ်ငွေ့သိုက်တို့ကို အားကိုးအားထားပြုမည် ဖြစ်သည်။ ၎င်းအစီအစဉ်ကို အစိုးရက မေလ ၁၅ ရက်တွင် အတည်ပြုပေးခဲ့သည်။ 
      ဗီယက်နမ်သည် ဓာတ်ငွေ့ဈေးကွက်တွင် အသေးအမွှားအဖြစ်မှ ဒေသတွင်းတွင် ဓာတ်ငွေ့အများဆုံး သုံးစွဲသူအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ LNG ရယူရာတွင် ပြည်တွင်းထုတ်လုပ်သည့် LNG ကို ဦးစားပေးမည် ဖြစ်သည်။  LNG တင်သွင်းမှုသည် သုညမှ ၂၀၃၀ ခုနှစ်တွင် တိုင်းပြည်ဓာတ်အားလိုအပ်ချက်၏ ၁၅% နီးပါးကို ဖြည့်တင်းပေးမည့် ပမာဏသို့ ခုန်တက်သွားမည် ဖြစ်သည်။ ၂၀၃၀ တွင် သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အား ၁၅ ဂစ်ဂါဝပ် (GW) ထုတ်လုပ်မည်။
        LNG တင်သွင်းခြင်းသည် ဈေးအတက်အကျရှိသည်။ ကမ္ဘာဝယ်လိုအား မြင့်မားချိန်တွင် ဈေးနှုန်း မတန်တဆ မြင့်မားသည်။ ပြည်တွင်းထုတ်လုပ်မည့် ဧရိယာသည် တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားနေသော နေရာ ဖြစ်နေသည်။
နောက်ထပ် ဓာတ်အားတိုးထုတ်ရန် ၂၀၃၅ မတိုင်ခင် ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံ ၁၅ ခု တည်ဆောက်မည်။ LNG ရယူရန် သင်္ဘောဆိပ်ခံနှစ်ခု တည်ဆောက်မည်။ ပြည်တွင်းဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံအသစ်များ တိုးချဲ့ထူထောင်သွားမည်။ ၎င်းစက်ရုံများသည် နောင်တစ်ချိန်တွင် ဟိုက်ဒရိုဂျင်သုံး ဓာတ်အားစက်ရုံများ အဖြစ်သို့ ပြောင်းလဲမည်။

      ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ဗီယက်နမ်ကမ်းလွန်မှ လုပ်ကွက်များဖြစ်သည့် အမေရိကန် မဟာလုပ်ငန်းကြီး ExxonMobil လုပ်ကိုင်နေသည့် Blue Whale လုပ်ကွက်၊ ရုရှားမှ Gazprom လုပ်ကိုင်နေသည့် လုပ်ကွက်၊ အီတလီမှ ENI လုပ်ကိုင်နေသည့် လုပ်ကွက်များထံမှ ရရှိမည်ဟု အစီအစဉ်တွင် ဖော်ပြထားသည်။

Source: Bangkokpost 

https://www.industrialdirectory.com.mm/article/vietnam-bets-big-on-lng.html

Category: International News