Local News

ဇွန် ၁ ရက်မှစတင်ပြီး သွင်းကုန်ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုအလျောက်သွင်းကုန် လိုင်စင်စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်

Last Updated:

         ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှစတင်ပြီး သွင်းကုန်ကုန်စည် လိုင်းပေါင်း ၃၀၇၅ လိုင်းအား အလိုအလျောက်သွင်းကုန် လိုင်စင်စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ၂၀၂၃ ခုနှစ် မေ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၀၀၆/၂၀၂၃) အရ သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်တွင် ပို့ကုန်သွင်းကုန် နှင့်ပတ်သက်သည့်သတင်းလွှာ (၈/၂၀၂၃) ဖြင့် Customs Tariff of Myanmar HS Version 2022 အရ H.S Code 10 Digit Level ရှိ သွင်းကုန်ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား Trade Net 2.0 စနစ်တွင် Automatic licensing စနစ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်တွင်လည်း ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှစ၍ အဆိုပါသွင်းကုန်ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်သည်။

     သို့ဖြစ်ရာ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သကသည့်သတင်းလွှာ (၈/၂၀၂၃) အရ Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအား စတင်အကျိုး သက်ရောက်စေမည့် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက် မတိုင်မီ တင်သွင်းထားသော ကြိုတင်ကြေညာလွှာ (Preliminary Declaration) များ အနက်ဇွန် ၁ ရက် သို့မဟုတ် ယင်းနောက်ပိုင်းတွင် Formal အဖြစ်သို့ ပြောင်းလဲသွားမည့် သွင်းကုန်ကြေညာလွှာများနှင့် ဇွန် ၁ ရက်နှင့် ယင်းနောက်ပိုင်းတွင်တင်သွင်းသည့်  Normal Declaration များတွင် အဆိုပါ H.S Code များအား အသုံးပြုမည်ဆိုပါက H.S Code ကြောင့် Error(E0030) ဖြစ်ပေါ်ခဲ့လျှင် IDD Service ကို ပြန်လည်ခေါ်ယူ၍ IDA 01 Service ၌ လိုင်စင်နံပါတ် ဖြည့်စွက်ပြီး JTB/JTA Service ဖြင့် လိုင်စင်ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်နှင့် ယင်းနောက်တွင် IDE Service ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

        သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည့် Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းနှင့် ပတ်သက်၍ သွင်းကုန်ကြေညာလွှာ တင်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချိန်အတွင်း Help Desk Section (01-370429) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့်နိုင်ငံငါးနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၅၃၇ ဒသမ ၈၉ သန်း၊ စင်ကာပူက ဒေါ်လာ ၁၁၄၇ ဒသမ ၂၁ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၅၄၃ ဒသမ ၁၃ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ၂၃၇ ဒသမ ၁၁ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၂၂၉ ဒသမ ၉၀၈ သန်းတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

Source: https://news-eleven.com/article/248405
 

Category: Local News