မလေးရှားနိုင်ငံ၌ စားအုန်းဆီထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာပြီး ကုန်လက်ကျန်မြင့် တက်မှုသို့ ဦးတည်နေသည့်အတွက် စားအုန်းဆီ ကြိုတင်အရောင်းဈေးနှုန်းနှင့် ကုန်သွယ်မှုတို့သည် ၂ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဖြစ် ဇွန်လမှ နိုဝင်ဘာလအထိ တစ်တန်လျှင် ရင်းဂစ် ၃၅၀၀ (၈၂၆.၅၀ အမေရိကန် ဒေါ်လာခန့်) ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု စားအုန်းဆီကဏ္ဍ လေ့လာသုံးသပ်သူ Mr. Dorab Mistry က မေလ ၇ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြသည်။
ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives Exchange) ၌ ဇူလိုင်လတွင် သင်္ဘောတင်ပို့ဆောင်မည့် စားအုန်းဆီအရောင်းအဝယ်စာချုပ်၏ စံပြုဈေးနှုန်း သည် နေ့လယ်ပိုင်းခေတ္တရပ်နားချိန်အတွင်း တစ်တန်လျှင် ၃၇၅၄ ရင်းဂစ်နှုန်းဖြင့် ၃၈ ရင်းဂစ် (၁ ရာခိုင်နှုန်းခန့်) ကျဆင်းခဲ့ကြောင်းနှင့် အဆိုပါဈေးနှုန်းသည် နှစ်နှစ်ကျော်အတွင်း မြင့်မားခဲ့သော နိုဝင်ဘာလ ဈေးနှုန်း ရင်းဂစ် ၅၂၀၂ ထက် ပိုမိုရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရပါသည်။
စားအုန်းဆီ သိုလှောင်မှု လက်ကျန်ပမာဏသည် စတင်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ယခုကာလမှစ၍ ထုတ်လုပ်မှုတိုးတက်လာသည့်အတွက် ရောင်းလိုအား ပိုလျှံမည့် အခြေအနေရှိ ကြောင်း၊ မကြာသေးမီလများအတွင်း ပြိုင်ဘက်ပဲပုပ်ဆီထက် ပရီမီယံတန်ဖိုးအဆင့် ဈေးနှုန်း မြင့်မားမှုက စားအုန်းဆီ၏ ဈေးကွက်ဝေစုကို ဆုံးရှုံးစေခဲ့ကြောင်း၊ သို့သော်လည်း စားအုန်းဆီသည် ယခုအခါ ပြိုင်ဆိုင်နိုင်စွမ်း အနည်းငယ်ရှိလာပြီး ၎င်း၏စျေးကွက်ဝေစုကို ပြန်လည်ရယူနိုင်ရန် ယင်းယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း Mr. Mistry က ဒူဘိုင်းတွင် ကျင်းပခဲ့သော စားအုန်းဆီလုပ်ငန်းဆိုင်ရာ ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။
ပုံမှန်အားဖြင့် ကမ္ဘာ့ထိပ်တန်းစားအုန်းဆီ ထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံတို့တွင် နှစ်စဉ် ဒုတိယနှစ်ဝက်ကာလတွင် စားအုန်းဆီထုတ်လုပ်မှုမြင့်တက်လေ့ရှိပါသည်။ ထိပ်တန်းစားအုန်းဆီတင်သွင်းသူ အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာလမှ မတ်လအတွင်း ဟင်းသီးဟင်းရွက် ဆီတင်သွင်းမှုတွင် စားအုန်းဆီသည် လွန်ခဲ့သည့်နှစ်က ၆၁ ရာခိုင်နှုန်းခန့်ပါဝင်ခဲ့သော်လည်း ယခု နှစ်၌ ၄၃ ရာခိုင်နှုန်းခန့်သို့ ကျဆင်းခဲ့သည်ဟု အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်းမှ ပြုစု ထားသော အချက်အလက်များအရ သိရသည်။
အသုံးပြုပြီး ဟင်းချက်ဆီနှင့် စားအုန်းဆီစက်ရုံများမှ စွန့်ပစ်ဆီတို့ တင်ပို့မှုကို အင်ဒိုနီးရှား နိုင်ငံက ကန့်သတ်ခဲ့ပြီးနောက် ပြည်တွင်းဇီဝလောင်စာလုပ်ငန်းမှ ဝယ်လိုအား မြင့်တက်လာခြင်း ကြောင့် အမေရိကန်၏ ပဲပုပ်ဆီအနာဂတ်ဈေးနှုန်းသည် အားကောင်းနေမည်ဟု မျှော်လင့်ထား ကြောင်း၊ အိန္ဒိယ၏ မုန်ညှင်းဆီကြိတ်ဖတ် တင်ပို့မှုအပေါ် ဝယ်လိုအား မြင့်တက်လာသဖြင့် ဆီထွက်သီးနှံများ အထူးသဖြင့် မုန်ညှင်းစေ့ ကြိတ်ခွဲမှုသည် အရှိန်အဟုန်မြင့်တက်လာပြီး အိန္ဒိယ၏ ဟင်းသီးဟင်းရွက် ဆီတင်သွင်းမှုသည် လွန်ခဲ့သည့်နှစ်ထက် ကျဆင်းသွားဖွယ်ရှိကြောင်း Mr. Mistry က ဆက်လက်ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံထံမှ ထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တန်ပြန်ကောက်ခံမှုကို ချမှတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အိန္ဒိယထုတ် ဆီမုန်ညှင်း ကြိတ်ဖတ် ဝယ်ယူမှု တိုးမြင့်ခဲ့ကြောင်း The Edge Malaysia သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
Source: The Edge Malaysia, 7th May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm