International News

အိန္ဒိယနိုင်ငံသည် အမေရိကန်ကုန်ပစ္စည်းများအပေါ် အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချရန် ကမ်းလှမ်းခဲ့သည်ဟု ဒေါ်နယ်လ်ထရန့်ပြောကြား

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က အိန္ဒိယနိုင်ငံသည် ပိုမိုမြင့်မားသော သွင်းကုန်ခွန်များကို ရှောင်ရှားရန်အတွက် ဆွေးနွေးမှုများအတွင်း အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်လျှော့ချရန် ကမ်းလှမ်းခဲ့ကြောင်း ယခုလ ၁၅ ရက် (ကြာသပတေးနေ့)တွင် ပြောကြားလိုက်သည်။ ကာတာနိုင်ငံရှိ စီးပွားရေးခေါင်းဆောင်များနှင့်အတူ ကျင်းပသည့်အခမ်းအနားတစ်ခုတွင် ထရန့်က နယူးဒေလီသည် "ကျွန်တော်တို့အား အခြေခံအားဖြင့် အခွန်လုံးဝမကောက်ခံရန်ဆန္ဒရှိသည့် သဘောတူညီချက်တစ်ခုကို ကမ်းလှမ်းခဲ့သည်" ဟု ပြောကြားခဲ့ကြောင်း The Economic Times က ယခုလ ၁၆ ရက်တွင် ဖော်ပြ သည်။

အမေရိကန်သမ္မတသည် အဆိုပါထင်ရှားသောကမ်းလှမ်းမှု၏ အသေးစိတ်အချက် အလက်များကိုမူ ထပ်မံဖော်ပြခြင်းမပြုခဲ့ကြောင်းနှင့် အိန္ဒိယကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar က အိန္ဒိယနှင့် အမေရိကန်ပြည်ထောင် စုအကြား ကုန်သွယ်ရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်းနှင့် "နှစ်ဦး နှစ်ဖက်အကျိုးရှိသော" သဘောတူညီချက်ရရှိသည်အထိ "မည်သည့်ဆုံးဖြတ်ချက်မဆို စောလွန်းနေမည်" ဟု ယင်းနေ့နှောင်းပိုင်းတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဝန်ကြီးချုပ်နရင်ဒြာမိုဒီ အိမ်ဖြူတော်သို့ သွားရောက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများစတင်ခဲ့သည့် ပထမဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း၊ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံသဘောတူညီချက်၏ပထမအဆင့်ကို ဆောင်းဦးရာသီတွင် အပြီးသတ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal သည် နောက်ထပ်ဆွေးနွေးမှုများအတွက် မေလ ၁၇ ရက်မှ ၂၀ ရက်အထိ အမေရိကန်ပြည်ထောင်စုရှိ ထရန့်အစိုးရအရာရှိများနှင့်တွေ့ဆုံရန် မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါသမ္မတထရန့်၏ မှတ်ချက်များသည် အိန္ဒိယနိုင်ငံက ၎င်း၏ သံမဏိနှင့်အလူမီနီယံပို့ကုန်များအပေါ် အမေရိကန်၏ ပိုမိုမြင့်မားသောအခွန်များကို တုံ့ပြန်သည့်အနေဖြင့် လက်တုံ့ပြန်အခွန်များကောက်ခံသွားမည်ဟု ခြိမ်းခြောက်ပြီး ရက်အနည်း ငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် နယူးဒေလီအနေဖြင့် ပိုမိုပြတ်သားသော ချဉ်းကပ်မှုကို ကျင့်သုံးနိုင်ကြောင်း ပြသနေသည့် အရိပ်လက္ခဏာဖြစ်ကြောင်း တွေ့ရှိရသည်။ သို့သော်လည်း နှစ်နိုင်ငံဆွေးနွေးမှုများသည် လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှိနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။

သမ္မတထရန့်သည် အိန္ဒိယနိုင်ငံအပေါ် ၂၆ ရာခိုင်နှုန်း "အပြန်အလှန်"အခွန်များ ကောက်ခံမည်ဟု ကတိပြုထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် ထရန့်၏မကျေနပ်ချက်များကို ဖြေရှင်းရန်အတွက် လုပ်ဆောင်မှုများစွာပြုလုပ်ခဲ့ကြောင်း၊ ယင်းတို့တွင် ဘော်ဘွန်ဝီစကီနှင့် Harley-Davidson Inc. မှ ထုတ်လုပ်သော အဆင့်မြင့်မော်တော်ဆိုင်ကယ်များကဲ့သို့ ထင်ရှားသော အမေရိကန်ကုန် ပစ္စည်းများအပေါ် သွင်းကုန်ခွန်များလျှော့ချရန်အတွက် ၎င်း၏အခွန်စနစ်ကိုပြန်လည်ပြုပြင်ခြင်းတို့ ပါဝင် ကြောင်း သိရသည်။

နယူးဒေလီသည် ၎င်း၏ကုန်သွယ်ရေးဆွေးနွေးမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ဆေးဝါးကဲ့သို့သော ကုန်ပစ္စည်းအချို့အပေါ် သွင်းကုန်ပမာဏအတိုင်းအတာတစ်ခုအထိ အပြန်အလှန်အခြေခံအားဖြင့် အခွန်လုံးဝမကောက်ခံရန်လည်း အဆိုပြုထားကြောင်း သိရ သည်။

သို့ပါ၍ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က အိန္ဒိယနိုင်ငံသည် အမေရိကန်ကုန်ပစ္စည်းအချို့အပေါ် အခွန်လျှော့ချရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း ပြောကြားမှုအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက နှစ်ဦးနှစ်ဖက်အကျိုးရှိသော သဘောတူညီချက်မရရှိမီအထိ မှတ်ချက် ပေးရန်စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံသဘောတူညီချက်၏ပထမအဆင့်ကို အပြီးသတ်ရန်မျှော်မှန်းထားကြောင်းနှင့်နယူး ဒေလီသည် ၎င်း၏ကုန်ပစ္စည်းအချို့အပေါ် အပြန်အလှန်အခြေခံဖြင့် အခွန်လုံးဝမကောက်ခံရန်လည်း အမေရိကန်ထံ အဆိုပြုထားကြောင်း သိရ သည်။

Source: The Economic Times, India Has Offered Zero Tariffs on US Goods: Trump, May 16, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News