International News

နန်နင်းမြို့တွင် တရုတ်-ကမ္ဘောဒီးယား ရော်ဘာထုတ်လုပ်ရေးအခြေစိုက်လုပ်ငန်း တည်ထောင်

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ပြည်နယ်၏ မြို့တော်ဖြစ်သည့် နန်နင်းမြို့တွင် တရုတ်-ကမ္ဘောဒီးယား ရော်ဘာထုတ်လုပ်ရေးအခြေစိုက်လုပ်ငန်းကို မေလ ၈ ရက်နေ့၌ တရားဝင် မိတ်ဆက် တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် အဆိုပါလုပ်ငန်းအသစ်ကို ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နန်နင်းမြို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအချက်အချာဇုန်ရှိ မြေဧရိယာ ၇၅၀၀ စတုရန်းမီတာ‌တွင် တည်ထောင်ထားသည့် အဆိုပါရော်ဘာ ထုတ်လုပ်ရေးလုပ်ငန်း၌ နှစ်စဉ် တန်ချိန် ၂၄၀၀၀ ထုတ်လုပ် နိုင်သည့် ရော်ဘာစက်ရုံ၊ ဓါတ်ခွဲစမ်းသပ်ခန်းနှင့် သိုလှောင်ရုံတို့ပါဝင်ပြီး၊ ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံကြကြောင်း၊ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင် အဖွဲ့က နည်းပညာအကူအညီပေးခြင်းနှင့် စက်ရုံစီမံခန့်ခွဲမှုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ရော်ဘာစက်ရုံမှ ၂၀၂၆ ခုနှစ်မှစ၍ နှစ်စဉ် ယွမ်ငွေ ၁.၀၈ ဘီလီံယံ တန်ဖိုးရှိသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး အခွန် ယွမ် ၅၄ သန်း ကောက်ခံရနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။ နန်နင်း ဒုတိယမြို့တော်ဝန် Zhong Hong က အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူချောမွေ့စေရေးအတွက် ယင်းစီမံကိန်းကို စတင်ဆောင်ရွက်သည့်အချိန်မှ ပြီးစီးသည် အထိ ရက်ပေါင်း ၇၉ ရက် အတွင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံဈေးကွက်များနှင့် ကုန်သွယ်ရာတွင် အဆိုပါအခြေစိုက်လုပ်ငန်းသည် ရော်ဘာကုန်ထုတ်လုပ်မှု ဗဟိုအချက်အချာ နေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံအနေဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိရာ ယခုနှစ် ပထမလေးလပတ်တွင် တရုတ်ယွမ် ၁.၇၁ ထရီလီယံ ကုန်သွယ်မှုရှိခဲ့ပြီး ယခင်နှစ် ကာလတူ၌ ရရှိခဲ့သော တိုးတက်မှု ၇.၁ ရာခိုင်နှုန်းကို ကျော်လွန်လျက် ၁၆.၆ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Khmer Times, 10 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News