International News

CMP သွင်းကုန်ပို့ကုန်ဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

Last Updated:

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

      အစည်းအဝေးတွင် ဆပ်ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စက်မှုဇုန်အလိုက် လုပ်ငန်းဆောင်ရွက်နေသည့်   CMP   ကုမ္ပဏီများ၏   ပို့ကုန်သွင်းကုန်  ပို့ကုန်လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊  CMP လုပ်ငန်းအတွက် တင်ပို့၊ တင်သွင်းသော ကုမ္ပဏီအရေအတွက် ပြောင်းလဲမှုအခြေအနေ၊  တင်သွင်း၊ တင်ပို့မှုစာရင်းများအရ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေ၊ CMP လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ့ရှိမှုအခြေအနေ များအရ သက်ဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရေး ဆောင်ရွက်မည့် အစီအစဉ်၊ CMP စနစ်ဖြင့် ဆေးဝါးထုတ်လုပ် တင်ပို့ခြင်း လုပ်ငန်းဆောင်ရွက်မည့်ကိစ္စတို့နှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့သည်။

      အဆိုပါအစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်အရာထမ်းများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်၊ CMP ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: International News