Local News

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် မူဆယ်-ကျင်စန်းကျော့ နယ်စပ်ဂိတ် တစ်ခု တည်းမှ နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၂၀၀ ခန့် အပြန်အလှယ်ကုန်သွယ်မှုများ ဆောင်ရွက် လျက်ရှိ

Last Updated:

          မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် မူဆယ်-ကျင်စန်းကျော့နယ်စပ်ဂိတ် တစ်ခုတည်းမှ နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၂၀၀ ခန့် အပြန်အလှယ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းထံမှ သိရသည်။

          လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ခြင်းမရှိသော်လည်း အခြားကုန်စည်များကို တင်ပို့လျက်ရှိပြီး တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၂၀၀ ခန့်ဖြင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          “တရုတ်နဲ့မြန်မာကုန်သွယ်ရေးက ပုံမှန်လေးသွားနေပါတယ်။ လတ်တလောကတော့ ဆန်နဲ့ဆန်ကွဲက တင်ပို့နိုင်တာ မရှိသေးဘူး။ အခြားကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချလျက် ရှိပါတယ်။ ရော်ဘာ၊ ရေထွက်ကုန်ပစ္စည်း၊ စားကုန်သောက်ကုန်ပစ္စည်း၊ သစ်သီးအနေနဲ့ ဖရဲသီး၊ ကြံတွေ တင်ပို့ပါတယ်။ ဒီအချိန်က သရက်သီးပေါ်တော့ သရက်သီးတင်ပို့ပါတယ်။ မြန်မာကနေ တရုတ်ကို ကုန်ကားအစီးရေ ၁၅၀ လောက် ပုံမှန်သွားတယ်။ တရုတ်ကနေ မြန်မာကို ကုန်ပစ္စည်းမျိုးစုံတင်သွင်းတဲ့ ကားအစီးရေ ၅၀ လောက်ဝင်ပါတယ်။ တစ်ရက်ကို ကုန်ကား အစီးရေ ၂၀၀ လောက် အဝင်၊ အထွက်ရှိတယ်” ဟု ဦးမင်းသိန်းက ပြောပြသည်။

          တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ၊ ရော်ဘာ၊ ပဲတီစိမ်း၊ စားကုန် သောက်ကုန်များ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုပစ္စည်း၊ ဓာတ်မြေဩဇာများ ပြန်လည် တင်သွင်းလျက်ရှိကြောင်း သိရ သည်။

          မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်၊ ကျပ် တိုက်ရိုက်အသုံးပြုမှုကို ခွင့်ပြုထားပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေး စခန်း၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်း စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News