Local News

ရေနံချောင်းမြို့နယ်၊ သားလူးကန်ကျေးရွာ၌ ပဲစင်းငုံသီးနှံစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Last Updated:

မိုးသီးနှံဖြစ်သည့် ပဲစင်းငုံပင်အား အပူပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ကမ္မ၊ သပွတ်စု၊ လက္ခုပင်၊ ညောင်ဇောက်ချောင်း၊ စမ်းကြီး၊ သားလူးကန်စသည့်ကျေးရွာများတွင် ပဲစင်းငုံသီးနှံများထွက်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

ပဲစင်းငုံစိုက်ပျိုးရာတွင် မြေဧက(၁)ဧကလျှင် မျိုးစေ့(၄)ပြည်ခန့်စိုက်ပျိုးရကြောင်း၊ မျိုးစေ့(၁)ပြည်လျှင် ကျပ်(၇၅၀၀)ပေးရကြောင်း၊ စိုက်ဧက(၂)ဧကရှိကြောင်း၊ မေလတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးရာတွင် ပဲစင်းငုံပင်အား အပင်ပေါက်ကောင်းစေရန်နှင့် ညီညာစေရန်အတွက် မျိုးစေ့ကို နာရီဝက်ခန့်ရေစိမ်ပြီး ဇီဝမြေဩဇာ(၁)ထုပ်နှင့် ရောဂါပိုးမကျရောက်စေရန်အတွက်လည်း တမာပိုးသတ်ဆေး (သို့မဟုတ်) ပင်လုံပြန့်ပိုးသတ်ဆေးအာနိသင်ရှိသော ပိုးသတ်ဆေးတို့နှင့်သမအောင်ရောမွှေ၍စိုက်ပျိုးကြောင်း၊ စိုက်ပျိုးချိန်တွင် ထွန်ယက်ခြင်း၊ ပေါင်းသတ်ခြင်း၊ ပိုးသတ်‌ဆေးနှင့် အပင်ရွက်ဖျန်းအားဆေးများကိုသုံးပေးရ၍ ယခုနှစ်တွင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၁၀၅၀၀၀)ကုန်ကျကြောင်း၊ ယခင်နှစ်တွင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၀၀၀၀၀) ကုန်ကျကြောင်းသိရှိရသည်။ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၉)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ (၁) ပိဿာလျှင် ကျပ်(၃၅၀၀)ဖြင့်ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၅၃၀၀၀၀)ခန့်ရရှိကြောင်း၊ ယခုနှစ်တွင် (၁)ဧကလျှင် (၁၀)ကျော်ထွက်ရှိမည်ဟုခန့်မှန်းကြောင်း၊ ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ပဲစင်းငုံနီ (၁)တင်းလျှင် ကျပ်(၉၁၀၀၀- ၁၀၀၀၀၀)၊ (၁)ပိဿာလျှင် ကျပ်(၄၅၅၀-၅၀၀၀)ဈေးနှုန်းရရှိကြောင်း၊ ထွက်ရှိသောပဲစင်းငုံသီးနှံများကို ကျောက်ပန်းတောင်းမြို့၊ ရေနံချောင်းမြို့နှင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း၊  မြန်မာနိုင်ငံတွင် ရေဆင်း-၃၊ ရေဆင်း-၁၀ စသောသက်လျင်မျိုးများ၊ ရေဆင်း-၅၊ ရေဆင်း-၉၊ ရွှေဒင်္ဂါးငါးဆံပဲ စသောသက်လတ်မျိုးများ၊ ရေဆင်း-၆၊ ရေဆင်း-၈၊ သူဌေးကန် စသောသက်ကြီးမျိုးများကိုစိုက်ပျိုးကြပြီး အရောင်းအဝယ်ပြုလုပ်ကြရာတွင် ပဲစင်းငုံနီ၊ ပဲစင်းငုံဖြူ စသည်ဖြင့်သာ ခွဲခြားရောင်းဝယ်ကြကြောင်း ရေနံချောင်းမြို့နယ်၊ သားလူးကန်ကျေးရွာနေ တောင်သူဒေါ်သန်းဌေးထံမှသိရှိရပါသည်။

မြန်မာနိုင်ငံတွင် ပဲစင်းငုံစားသုံးမှုနည်းပါးသောကြောင့် ပြည်ပတင်ပို့နိုင်ရန်အတွက် အဓိကထားစိုက်ပျိုးသော ပဲအမျိုးအစားပင်ဖြစ်ပါသည်။ မြန်မာ့ပဲစင်းငုံများအား ပြည်ပသို့တင်ပို့ကြရာတွင် အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ခြင်းဖြစ်ပြီး ပါကစ္စတန်၊ စင်္ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပဲစင်းငုံအား အလုံးလိုက်သော်လည်းကောင်း၊ ပဲစင်းငုံကို အခွံချွတ်၍သော်လည်းကောင်း တင်ပို့ကြပါသည်။ ပဲမျိုးစုံသီးနှံများတွင် ပဲစင်းငုံသည် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရလွယ်ကူခြင်း၊ ရင်းနှီးကုန်ကျစရိတ်သက်သာခြင်း၊ မြေဆီလွှာဖွံ့ဖြိုးမှုကိုအကျိုးပြုခြင်း၊ နိုင်ငံခြားဝင်ငွေရရှိခြင်း၊ မိုးခေါင်ခံသည့် သီးနှံတစ်မျိုးဖြစ်ခြင်းတို့ကြောင့် တောင်သူကြီးများအတွက် အစဉ်တစိုက်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News