Local News

ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်(ခ)ပဲဖြူပြား ဈေးကွက်

Last Updated:

ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ပဲထောပတ်များကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ်ဧကအလိုက် စိုက်ပျိူးလာကြသူများလည်းရှိပါသည်။ စိုက်ပျိုးမှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲထောပတ်(၇၄၆၄)ဧက စိုက်ပျိုးထားရှိကြောင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကရင်ပြည်နယ်တွင် ပဲထောပတ်ကို မကျီးကျွန်း၊ ဖားနွဲ့ကျွန်း၊ မုက္ကဒိ၊ တောင်ကြား ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ လုပ်သားခ၊ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။

ဒေသခံပြည်သူများအနေဖြင့် ထွက်ရှိလာသော ပဲဖြူပြား(ခ)ပဲထောပတ်ကို ဘားအံမြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားယခုအချိန်တွင် ပဲဖြူပြား (၁)ဗူးလျှင် (၁၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၇၀၀၀)ကျပ်ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပဲထောပတ်ကို  ထမင်းပူပူလေးဖြင့် ဆီဆမ်း၍သော်လည်းကောင်း၊ ကြက်သွန်ဖြင့် သုပ်၍သော်လည်းကောင်း၊ ခရမ်းချဉ်သီးဖြင့် ပဲနှပ်ပြုလုပ်၍သော်လည်းကောင်း အမျိုးမျိုးစားသုံးကြပါသည်။

ပဲထောပတ်တွင် မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး အရိုးများကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပြီး အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါသည်။ အရိုးပါးခြင်း၊ အရိုးပွခြင်းများမှလည်း ကာကွယ်ပေးပါသည်။ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်သောကြောင့် အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေနိုင်သောကြောင့် ဆီးချိုရှိသူများလည်း စားသုံးရန်သင့်တော်ပါသည်။ အစာခြေစနစ်အတွက် အရေးပါသော သတ္တုဓာတ်တစ်မျိုးဖြစ်သည့် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကို ကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါသည်။ ပဲထောပတ်စားသုံးခြင်းသည် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်ပြီး နူးညံ့၍ အရသာကောင်းမွန်သောကြောင့် ပြည်တွင်းစားသုံးမှုနှင့် လူကြိုက်များသော ပဲအမျိုးအစားဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

Source: https://www.doca.gov.mm

Category: Local News