Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်‌ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များအပါအဝင် အခြားငါးခြောက်များကို စနစ်တကျထုတ်လုပ်ကာ ရောင်းချလျက်ရှိပြီး ယခုနှစ် မေလ ပထမပတ်မှ မတ်လ ၁၉ ရက်နေ့ထိ ငါးကွမ်းရှပ်ခြောက်များ ဝယ်ယူမှုများပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ထုတ်လုပ်ရောင်းချသည့် ငါးကွမ်းရှပ်ခြောက်များ လက်ရှိတစ်ရက်လျှင် ပိဿာချိန် ၂၅၀၀ မှ ၄၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ငါးကွမ်းရှပ်ခြောက်တွေအရောင်းအဝယ်ကောင်းနေပါတယ်။ အခုလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်ကောင်းမွန်ခဲ့တာပါ။ အခုလထဲမှာလဲ ငါးကွမ်းရှပ်ခြောက်တွေ အရောင်းအဝယ်ကောင်းနေဆဲဖြစ်ပါတယ်။ ဒေသထွက် ငါးကွမ်းရှပ်ခြောက်တွေအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေတာဖြစ်ပါတယ်။ အခုလို ငါးကွမ်းရှပ်ခြောက်တွေ ဝယ်ယူမှုမြင့်တက်လာလို့ ငါးကွမ်းရှပ်ခြောက်လုပ်ငန်း နယ်ပယ်အသီးသီးကသူတွေလဲ အဆင်ပြေလာပါတယ်” ဟု ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ပြောပြသည်။ ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးပိ၊ ငါးခြောက်များကိုပြုလုပ်ပြီး ဒေသထွက်ငါးကွမ်းရှပ်ခြောက်များအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးကွမ်းရှပ်ခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၂၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာမြင့်က ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News