Local News

ယခုနှစ်ခြောက်လတာ ကာလအတွင်း ကြိမ် ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်ခဲ့

Last Updated:

     ယခုနှစ်   ဇန်နဝါရီလမှ   ဇွန်လအထိ ခြောက်လတာကာလအတွင်း ပြည်တွင်းမှ ထွက်ရှိသော ကြိမ်အချောထည်ပစ္စည်းများ၊ ကြိမ်လုံး၊ ဝါးခြမ်း၊ ဝါးလုံးနှင့် ဝါးဖျ စသည့် ကြိမ်၊ ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ  ကြိမ်၊  ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အာရှ၊ ဥရောပနှင့် တောင်အာဖရိကနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့်   ပင်လယ်ရေ ကြောင်းတို့မှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။

    “ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာကာလအတွင်း  ပြည်ပကို  ကြိမ်အချောထည်ပစ္စည်း ၂၇၅၅၈၄ ခုနဲ့ ကြိမ်အလုံးရေ  ၁၄၁၀၀၀  ကျော်  တင်ပို့ထားပါ တယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေထဲမှာ ဘရာဇီး၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ ရိုမေးနီးယား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ထိုင်း၊ ယူအေအီး၊ ဗြိတိန်နဲ့ အမေရိကန်စတဲ့နိုင်ငံ တွေပါဝင်ပါတယ်။   အများဆုံးတင်ပို့တဲ့ ကြိမ်အမျိုးအစားတွေက ကြိမ်နီ၊ ရေကြိမ်နဲ့ ကြက်ဥကြိမ်တို့ဖြစ်ပါတယ်”ဟု ဦးလင်းထင် ကပြောသည်။

    ထို့ပြင်  ဝါးတင်ပို့မှုအနေဖြင့်  ယခုနှစ် ခြောက်လတာကာလအတွင်း ဝါးအခြမ်းပေါင်း ၁ ဒသမ ၉၉၄ သန်းကျော်၊ ဝါးအလုံးပေါင်း ၄၀၀၀ နှင့် ဝါးဖျာအချပ်ရေ ၁၈၀၀၀ ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ တင်ပို့ခဲ့သော နိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ နယ်သာလန်၊ ပါကစ္စတန်၊ စင်ကာပူ၊ ဗီယက်နမ်၊ အီတလီ၊ တရုတ် (တိုင်ပေ) နှင့် ဗြိတိန်စသည့်နိုင်ငံများပါဝင်  ပြီး အများဆုံးတင်ပို့သောဝါးအမျိုးအစား များမှာ ဝါးယား၊ ကြသောင်းဝါးနှင့် ထီးရိုးဝါးတို့ဖြစ်ကြောင်း သိရသည်။

    ပြည်တွင်းရှိ ပုဂ္ဂလိက ဝါးစိုက်တောင်သူများအား ဝါးစိုက်ခင်းများကို စက်မှုကုန်ကြမ်းစိုက်ခင်းများအဖြစ် တည်ထောင်စိုက်ပျိုးခွင့်ပြုထားပြီး ဝါးတောများ ပျက်စီးပြုန်းတီးမှုမရှိစေရန် သစ်တောဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းလျက်ရှိသည်။ ပြည်တွင်း၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်မှ ကူညီဆောင်ရွက်လျက်ရှိရာ သစ်တောဦးစီးဌာနအနေဖြင့်လည်း သစ်တောထွက်ပစ္စည်းများကို အချောထည်များပြုလုပ်၍ ပြည်ပသို့တင်ပို့နိုင်စေရန်နှင့် ပုဂ္ဂလိကစက်မှုကုန် ကြမ်းဝါးစိုက်ခင်းများ တည်ထောင်နိုင်စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

Source: https://www.myawady.net.mm

Category: Local News