Local News

မြန်မာမှုလက်ရာမြေထည်ပန်းအိုးများ ရောင်းအားကောင်းလျက်ရှိ

Last Updated:

     မြန်မာနိုင်ငံ၏  မြေထည်ပစ္စည်းပြုလုပ်ရာ ဒေသအသီးသီးမှ ဝင်ရောက်လာသော  မြန်မာမှုလက်ရာ မြေထည်ပန်းအိုးများ နေပြည်တော်ဈေးကွက်အတွင်း၌ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပန်းအိုးများကို  နေပြည်တော်ဈေးကွက်အတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှ အများဆုံးတင်သွင်းခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်နှင့် အမရပူရမြို့နယ်စသည်တို့မှလည်း အနည်းငယ်တင်သွင်းကြောင်း၊ ထို့ပြင် တွံတေးနှင့် မော်လမြိုင်တို့မှလည်း ရံဖန်ရံခါတင်သွင်းလေ့ရှိကြောင်း သိရသည်။

     အခုအချိန်က မိုးရာသီဖြစ်တော့ အလှစိုက်ပန်းအိုးတွေ ရောင်းအားကောင်းပါတယ်။ တချို့ရက်တွေဆိုရင် တစ်ရက်ကို ၁၅ လုံးကနေ အလုံး ၂၀ လောက်အထိ ရောင်းရပါတယ်။ ဈေးနှုန်းတွေကတော့ ပန်းအိုးရဲ့ လက်ရာနဲ့  အရည်အသွေးပေါ် မူတည်ပြီးတော့ ပန်းအိုးတစ်လုံးကိုအနိမ့်ဆုံး  ငွေကျပ် ၆၅၀၀  ကနေ အမြင့်ဆုံး ငွေကျပ် ၇၅၀၀၀ အထိ အမျိုးမျိုးရှိပါတယ်။ အခြားမြေထည်ပစ္စည်းတွေကတော့ ပုံမှန်အတိုင်း အရောင်းအဝယ်ရှိပါတယ်ဟု အာဟာရသုခဈေးမှ မြေထည်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ အာဟာရသုခဈေးအနီးရှိ  မြေထည်ပစ္စည်းအရောင်းဆိုင်များတွင်  ဘုရားပန်းအိုးများ၊  ဆီမီးခွက်များ၊ အလှဆင်ပန်းအိုးများ၊ ပုံစံအစုံသောက်ရေအိုးများ၊ မြေထည်စုဘူးများ၊ အိမ်သုံးအလှဆင်အရုပ်အမျိုးမျိုး၊ ရေအင်တုံ၊ စဉ့်အိုးများ၊ ကလေးကစားစရာ ရောင်စုံအိုးပုတ်များစသည့် မြန်မာမှုလက်ရာ မြေထည်ပစ္စည်း အမျိုးမျိုးကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News