Local News

ယခုနှစ် နာနတ်သီးရာသီချိန်အတွင်း တရုတ်နိုင်ငံသို့ နာနတ်သီးတရားဝင်တင်ပို့နိုင်ပါက တောင်သူများအတွက် အဆင်ပြေနိုင်

Last Updated:

     ယခုနှစ် နာနတ်သီးရာသီချိန်အတွင်း တရုတ်နိုင်ငံသို့  နာနတ်သီးတရားဝင်တင်ပို့ နိုင်ပါက တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း နာနတ်သီးစိုက်ပျိုး ရောင်းဝယ်ရေးလုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။ တရုတ်နိုင်ငံသို့ နာနတ်သီးတရားဝင် တင်ပို့နိုင်ရန် GACC လျှောက်ထားခဲ့ရာ ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ နာနတ်ခြံများနှင့် နာနတ် သီးထုပ်ပိုးမှုပုံစံများကို ၂၀၂၃ ခုနှစ် မတ်လက အွန်လိုင်းမှတစ်ဆင့် စစ်ဆေးခဲ့ပြီးနောက် တင်ပို့ရာ၌လိုက်နာရမည့် သတ်မှတ်ချက်တချို့ကို ပြန်လည်ညှိနှိုင်းခဲ့ကြောင်း  သိရသည်။

     အခုချိန်ထိတော့ MoU လက်မှတ် မရေးထိုးရသေးဘူး။ တရားဝင်တင်ပို့ခွင့် အမြန်ဆုံးရစေချင်ပါတယ်။ ဒီရာသီ နာနတ်သီးပေါ်ချိန်မီရင်တော့ တောင်သူတွေအတွက် အများကြီး အဆင်ပြေတာပေါ့။ အချိန်နောက်ကျသွားရင် အသီးတွေအမှည့် လွန်ကုန်ပြီး တင်ပို့လို့မရတော့ဘူး။ လက်ရှိမှာ သက်ဆိုင်ရာကလည်း အမြန်ဆုံး တင်ပို့ခွင့်ရအောင် ကြိုးစားနေပါတယ်ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှ  နာနတ်သီးစိုက်ပျိုးသူ ဦးစံလင်းကပြောသည်။

     တရုတ်နိုင်ငံသို့ နာနတ်သီးတရားဝင် တင်ပို့ခွင့်ရရှိပါက ငါးနှစ်သက်တမ်းအထိ တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး လတ်တလောတွင် တရားဝင်တင်ပို့ရန် သက်ဆိုင်ရာမှ ကြိုးပမ်းနေကြောင်း၊ လက်ရှိကာလမှစ၍ စက်တင်ဘာလအထိသည် နာနတ်သီးရာသီချိန်ဖြစ်ပြီး စိုက်ခင်းအရောက် လာရောက်ဝယ်ယူရာတွင် တစ်လုံးလျှင် ငွေကျပ် ၂၅၀ မှ  ၅၀၀  ဝန်းကျင်အထိ ဈေးကောင်းရနေကြောင်း သိရသည်။

     ယခင်က ပြည်တွင်းမှထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ပြီး  ဈေးကောင်းရခဲ့ရာမှ ၂၀၁၉ ခုနှစ် သြဂုတ်လမှစ၍ တင်ပို့ခွင့်ရပ်ဆိုင်းခဲ့ရာ ပြည်တွင်း၌ အထွက်နှုန်းများချိန်တွင် စိုက်ခင်းအရောက် တစ်လုံးလျှင် ငွေကျပ် ၅၀ ဝန်းကျင်သာ ဈေးနှုန်းရရှိခဲ့သည်။ ရှမ်းပြည်နယ်မှထွက်ရှိသည့် နာနတ်သီးများကို ရန်ကုန်နှင့်မန္တလေး စသည့်မြို့ကြီးများရှိ  ပွဲရုံများသို့ တင်ပို့ရာတွင် ၎င်းတို့ ရောင်းချပြီးမှသာ ပွဲရုံဖြတ်ဈေးအတိုင်း ငွေပြန်လွှဲလေ့ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News