Local News

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ

Last Updated:

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့နှင့် နောက်ဆုံးနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာကုန်စည်ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိပါသည်။ 

မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲအမျိုးမျိုး၊  ပြောင်း၊ နှမ်း၊ ထောပတ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိပါသည်။ အဆိုပါကုန်စည်ပြပွဲ၏  စတုတ္ထနေ့တွင်လည်း ယခင်နေ့များကဲ့သို့ မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိပါသည်။ 

မြန်မာကုန်စည်ပြခန်းဆောင်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးတွေ့ဆုံပွဲများ ကျင်းပသည့်နေရာ (Business Matching Area) တွင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် တရုတ်လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံ၍ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအား မေးမြန်းဆွေးနွေးခဲ့ကြရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား​ပေးခဲ့သည်။ 

ထို့ပြင် အဆိုပါကုန်စည်ပြပွဲ၏  နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင်၌ မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm)အဖြစ် မန္တလေးမြို့၏  ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို  ပါဝင်ပြသထားပြီး  မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ​ကပြဖျော်ဖြေလျက်ရှိရာ စိတ်ပါဝင်စား၍ လာရောက်လေ့လာ​ကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News