Local News

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၄၅၀၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ငွေကျပ် ၂၄၅၀၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နွေးနွေးက ပြောပြ၍ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇူလိုင်လနှင့် ဩဂုတ်လက ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၁၀၀၀၀၀ သာဈေးရှိခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ ယနေ့(စက်တင်ဘာလ ၁၉)ရက်နေ့ထိ ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၄၅၀၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါပေါ်ဆန်းစပါး ဈေးကောင်းရလာခြင်းသည် ပေါ်ဆန်းစပါး လက်ကျန်နည်းနေခြင်းနှင့် ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“မော်လမြိုင်ကျွန်းမြို့နယ်မှာ ပေါ်ဆန်းစပါး လက်ကျန်နည်းနေတာနဲ့ အဓိကဈေးကွက်ဖြစ်တဲ့ ရန်ကုန်ဘက်က စပါးအဟောင်းတွေ ဝယ်ယူမှုများနေလို့ ဈေးကောင်းရရှိတာပါ။ လက်ရှိပေါ်ဆန်းစပါး တင်း ၁၀၀ ကို ငွေကျပ် ၂၄၅၀၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ရန်ကုန်ဘက်ကလည်း ပေါ်ဆန်းစပါးကို အများအပြားဝယ်ယူနေပါတယ်။ ပြည်တွင်းဈေးကွက်မှာ စပါးကဝယ်ယူမှုများနေပါတယ်။ အရင်တုန်းက စပါးတင်းရေ ၅၀၀၀ လောက် ရန်ကုန်ဘက်ကို ငါးကြိမ်ခွဲပြီး တင်ပို့ခဲ့ရပါတယ်။ လက်ရှိ တစ်ရက်ကို စပါးတင်းရေ ၁၀၀၀ ကနေ ၁၅၀၀ လောက်ထိတင်ပို့လာရပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ် ရေးပွဲရုံပိုင်ရှင် ဒေါ်နွေးနွေးက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ပေါ်ဆန်းစပါးနှင့် ဆန်များကိုဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေကြောင်း၊ ပေါ်ဆန်းစပါး ဈေးကောင်းရရှိလာသည့်အတွက် နွေစပါးဝယ်ယူသိုလှောင်ခဲ့သူများ၊ ကုန်သည်များ၊ စပါးသိုလှောင်ထားသည့် တောင်သူများ၊ ကုန်တင်ကားအဌားလိုက်သူများ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News