Local News

မန္တလေးဈေးကွက်အတွင်း မြင်းမူဘက်မှထွက်ရှိသည့် ဂျုံများ ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေးရှိနေ

Last Updated:

မန္တလေးဈေးကွက်အတွင်း မြင်းမူဘက်မှထွက်ရှိသည့်ဂျုံများ ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေးရှိနေကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုအခါ မြင်းမူဘက်မှဂျုံများ မန္တလေးဈေးကွက်အတွင်း ဝင်ရောက်လာပြီး ကုန်သည်များက ဝယ်ယူမှုများပြားလာကာ ဈေးကောင်းရရှိနေကြောင်း သိရသည်။

“မန္တလေးဈေးကွက်ထဲမှာ ငါန်းဇွန်၊ မြို့သာ၊ မုံရွာတွေဘက်ကဝင်လာတဲ့ ဂျုံတွေလည်းရှိပါတယ်။ ဒါပေမဲ့လည်း မြင်းမူဘက်ကဂျုံတွေက မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ်ပြန်ကောင်းလာတာကြောင့် ဈေးကောင်းပြန်ရနေပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။

မန္တလေးဈေးကွက်အတွင်း စက်တင်ဘာလ ပထမပတ်အတွင်းက မြင်းမူဘက်မှဂျုံများ အရောင်းအဝယ်အေးနေခဲ့ခြင်းကြောင့် ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀၀ သာရှိခဲ့ကြောင်း၊ ယခုအခါ မြင်းမူဘက်မှ ဂျုံများအဝယ်လိုက်လာခြင်းကြောင့် ယနေ့(စက်တင်ဘာလ ၁၉)ရက်နေ့ထိ ပေါက်ဈေးအရ ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“မန္တလေးဈေးကွက်ထဲမှာ ဂျုံအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေ အခုလတ်တလော တော်တော်လေးပြန်ပြီးများလာတယ်။ ပြည်ပဈေးကွက်ကိုတော့ ဂျုံတင်ပို့မှုက အနည်းငယ်လောက်ပဲရှိတယ်။ ဂျုံအသစ်တွေ ဈေးကွက်ထဲဝင်လာတော့မှာဖြစ်လို့ နောက်ပိုင်း ဂျုံဈေးကောင်းထပ်ပြီး ရဖို့ရှိနေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News