Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသူက ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လက ငရုတ်သီးစိမ်း ပိဿာချိန် ၅၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၆၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ တစ်လအတွင်း ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ကုန်ဖြစ်တဲ့ ငရုတ်သီးစိမ်းတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ကျောင်းကုန်းမြို့နယ်က ထွက်တဲ့ဒေသထွက် ငရုတ်သီးတွေက အရည်အသွေး‌ကောင်းပါတယ်။ ငရုတ်သီးအရည်အသွေးကောင်း မှာယူမှုတွေက တက်နေပါတယ်။ ရက်ရှည်အထားခံပြီး တဆင့်ပြန်လည်ရောင်းချရာမှာ အဆင်ပြေပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသူက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီးငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ ဒေသမှထွက်ရှိလာသော ငရုတ်သီးစိမ်းများကို တင်ပို့ရောင်းချမှုတက်လာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News