ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဒေသထွက် အုန်းသီးနုအလုံးရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် မတ်လအတွင်းက အုန်းသီးနုအလုံးရေ ၅၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ အုန်းသီးနုအလုံးရေ ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့ရသည့် အုန်းသီးနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၉၈၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်ကနေ ထွက်ရှိတဲ့ ဒေသထွက်အုန်းသီးနုတွေကို ရန်ကုန်ဈေးကွက်ထဲကိုပဲ အဓိကထား တင်ပို့ရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်က ပြီးခဲ့တဲ့ ဧပြီလထဲမှာ အုန်းသီးနုတွေဝယ်ယူမှု များပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ အုန်းသီးနုအလုံးရေ ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမေလထဲမှာလဲ အုန်းသီးနုတွေ ဝယ်ယူမှုများပြားနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးနုအများအပြား ပိုမိုတင်ပို့ရောင်းချနေရသည့်အတွက် ပွဲရုံပိုင်ရှင်များ၊ အုန်းသီးစိုက်ပျိုးသူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိအဆင်ပြေနေကြောင်း ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြသည်။
Source: ရတနာပုံသတင်းစာ