International News

တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းပြင်ပတွင် ၁၆ မဂ္ဂါဝပ် လေရဟတ်တာဘိုင် စတင်လည်ပတ်

Last Updated:

     တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ကမ်းရိုးတန်းပြင်ပရှိ ကမ္ဘာ့ပထမဆုံး ၁၆ မဂ္ဂါဝပ် ကမ်းလွန်လေရဟတ်တာဘိုင်သည် ဇူလိုင် ၁၉ ရက်က မဟာဓာတ်အားလိုင်းနှင့် အောင်မြင်စွာ ချိတ်ဆက်သွားပြီဖြစ်ကာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။ တရုတ်မြစ်ကျဉ်းသုံးသွယ်ကော်ပိုရေးရှင်းမှ ဆောင်ရွက်နေသော ဖူကျန့် ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းရှိ လေရဟတ်တာဘိုင်သည် ကမ္ဘာပေါ်ရှိ လည်ပတ်နေသော လေရဟတ်များအားလုံး၏ အကြီးဆုံးယူနစ်တစ်ခုတည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကုမ္ပဏီက ဆိုသည်။

     အဆိုပါလေရဟတ်တာဘိုင်၏ ယက်ပြားများသည် အရှည် ၁၂၃ မီတာစီရှိပြီး ဧရိယာ စတုရန်းမီတာ ၅၀,၀၀၀ ခန့်အား ဝေ့ဝိုက်လည်ပတ်နိုင်ကြောင်း၊ ယင်းဧရိယာမှာ ဘောလုံးကွင်း ၇ ခုအရွယ်အစားရှိကြောင်း သိရသည်။ လေရဟတ်တာဘိုင်သည် နှစ်စဉ် သန့်စင်သောလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၆၆ သန်းကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကာ မိသားစုဝင်သုံးဦးရှိသော အိမ်ထောင်စုပေါင်း ၃၆,၀၀၀ ၏ နှစ်စဉ်လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။ ထိုပမာဏသည် ကျောက်မီးသွေး တန်ချိန် ၂၂,၀၀၀ ခန့် ချွေတာခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန် ၅၄,၀၀၀ ခန့် လျှော့ချခြင်းနှင့် ညီမျှသည်ဟု ဆိုသည်။ 

Source: https://xinhuamyanmar.com

Category: International News