International News

ဗီယက်နမ်ဝန်ကြီးချုပ်က ဗီယက်နမ်-အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိ တိုးမြှင့်ရန် တိုက်တွန်း

Last Updated:

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် ၎င်း၏ အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နယူးဒေလီမြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့်  ဗီယက်နမ်-အိန္ဒိယစီးပွား‌ရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး နှစ်ဖက်စလုံးအနေနှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိရန် အတူတကွကြိုးစားသင့်ကြောင်း ကမ်းလှမ်းပြောကြားခဲ့သည်ဟု သိရပါသည်။

ဗီယက်နမ်နိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၀၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံနီးပါး ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံသည် ဗီယက်နမ်နိုင်ငံမှ တင်ပို့ခြင်းဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံတန်ဖိုးရှိ သည့် စီမံကိန်း ၄၁၀ ခုရှိပြီး ဗီယက်နမ်နိုင်ငံ၏ အိန္ဒိယနိုင်ငံရှိ စီမံကိန်းများမှာ အမေရိကန် ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိသည့် စီမံကိန်း ၁၆ ခုဖြစ်ကြောင်း သိရပါသည်။

ဝန်ကြီးချုပ်က နှစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအကြား အောင်မြင်ပြီး ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအချက်များမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ မြင့်မားသည့် နိုင်ငံရေးယုံကြည်စိတ်ချရမှု၊ တံခါးဖွင့်ထားသည့်ဈေးကွက်၊ တူညီသည့် ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် သမိုင်းကြောင်းနှင့် လျှင်မြန်ပြီး တည်ငြိမ်မှုရှိသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ အားကောင်းပြီး ကြွယ်ဝချမ်းသာသော နိုင်ငံကို တည်ထောင်ရန် အပြန်အလှန်ရည်မှန်းချက်ထားရှိမှုတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံ ၄၀ ထဲမှ တစ်နိုင်ငံဖြစ်ကြောင်း၊ ကုန်သွယ်မှုပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံ ၂၀ စာရင်းဝင်ကြောင်းနှင့် နိုင်ငံတော်ပုံရိပ်တန်ဖိုးအမြင့်ဆုံးနိုင်ငံ ၁၀၀ စာရင်းတွင် နံပါတ် ၃၂ နေရာတွင် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် နိုင်ငံပေါင်း ၆၀ ကျော်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ၁၆ ခုချုပ်ဆိုထားကြောင်း သိရပါသည်။

ဝန်ကြီးချုပ်က အစိုးရအနေနှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းများအား အိန္ဒိယနိုင်ငံက အားကောင်းပြီး ဗီယက်နမ်နိုင်ငံက ဦးစားပေးအနေနှင့် လိုအပ်ချက်မြင့်မားနေသည့် ကဏ္ဍများဖြစ်သည့် မြင့်မားသည့်နည်းပညာများ၊ အီလက်ထရောနစ်၊ သိပ္ပံနှင့် နည်းပညာ၊ AI ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်၊ ဟိုက်ဒရိုဂျင် ကဲ့သို့သောစွမ်းအင်၊ ဘိုင်အိုနည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာမြင့်စိုက်ပျိုးမှုနှင့် ဆေးဝါးအစရှိသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန်အတွက် တိုက်တွန်းပြောကြားခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် နိုင်ငံနှစ်နိုင်ငံမှ လုပ်ငန်းများသည် လေယာဉ်ထုတ်လုပ်ခြင်း၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ဆေးဝါးနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၆ ခု ရရှိခဲ့ကြောင်း သိရပါသည်။

Source: Hindustan Times

Source: https://www.doca.gov.mm

Category: International News