International News

ကမ္ဘာ့ရေနံဈေးနှုန်း ၁၀ လတာ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့

Last Updated:

တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ နီးပါးကပ်လာသော ရေနံဈေးနှုန်းပြန်လည်တည်ငြိမ်ရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များက အာရုံစိုက်နေစဉ် အချို့သော ရေနံစိမ်းအမျိုးအစားများမှာ ဈေးနှုန်းအမေရိကန်ဒေါ်လာ ၁၀၀ အထက်သို့ ရောက်ရှိနေကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာ ၁၉ ရက်တွင် ရေးသားတင်ပြထားသည်။ စက်တင်ဘာ ၁၉ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများသည် ၁၀ လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာ ဘရန့်စံမှတ် ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာအထိမြင့်တက်ခဲ့ကြောင်း သိရသည်။

ဘရန့်စံမှတ်ရေနံစိမ်းအတန်းအစား၏ စက်တင်ဘာ ၁၉ ရက် ဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလနောက်ပိုင်း  အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။  သို့ရာတွင်  နိုင်ဂျီးရီးယားနိုင်ငံ၏  Qua  Iboe  စံမှတ် ရေနံစိမ်းဈေးနှုန်းမှာ စက်တင်ဘာ ၁၈ ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကို ကျော်လွန်ခဲ့ပြီး မလေးရှားနိုင်ငံ၏  Tapis ရေနံစိမ်း ဈေးနှုန်းမှာလည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၃၀အထိ ရောက်ခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့က နေ့စဉ်ရေနံထုတ်လုပ်မှုနှုန်း လျှော့ချရေးအစီအစဉ်ကို သက်တမ်းဆက်တိုးခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၂၀၂၃ခုနှစ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ရေနံတင်ပို့ရောင်းချသူများအသင်း (အိုပက်)၏ အကြီးဆုံး ရေနံထုတ်လုပ်သူနိုင်ငံများ ဖြစ်သည်။ လက်ရှိအခြေအနေကို ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကမ္ဘာ့ရေနံဈေးကွက်ကို ခိုင်ခိုင်မာမာထိန်းချုပ်ထားနိုင်သည့် သဘောရှိကြောင်း ရေနံဈေးကွက်လေ့လာသူများက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်တွင် ဘရန့်စံမှတ် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာအထိ ရောက်ရှိလာခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၀၇ ဈေးတွင် ရှိနေခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ယခုနှစ်ကုန်ပိုင်းအထိ နေ့စဉ် ရေနံထုတ်လုပ်မှုနှုန်းကို နှစ်နိုင်ငံပေါင်းတစ်ရက်လျှင် စည်ပေါင်း ၁ ဒသမ ၃ သန်း လျှော့ချထုတ်လုပ်ရန် စီစဉ်ထားသည်။ 

Source: https://t.me/sdtimedaily

Category: International News