Local News

မအူပင်မြို့နယ်တွင် ပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်လာကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် လက်ရှိနိုဝင်ဘာလ ပထမပတ်မှစတင်ပြီး ပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်လာကြောင်း၊ အဆိုပါပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းလာခြင်းသည် ဒေသထွက်ပဲလွမ်းဖြူများကို ရန်ကုန်ဘက်မှ ဝယ်ယူမှုကောင်းလာပြီး ဒေသထွက်ပဲလွမ်းဖြူများ အထွက်နည်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“‌ဒေသထွက်ကုန်ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ အခု နိုဝင်ဘာလ ပထမပတ်ကနေစတင်ပြီး သိသိသာသာကို အဝယ်လိုက်နေတဲ့အပြင် ဈေးကလဲကောင်းလာပါတယ်။ ပဲဈေးတွေက အခုထက်ကောင်းလာဖို့ပဲရှိပါတယ်။ ဒေသထွက် ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေတာပါ။ ပဲအထွက်နည်းလာတာနဲ့အဝယ်လိုက်ပြီး အရောင်းသွက်နေတာဖြစ်ပါတယ်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေ သိပ်မထွက်သေးပါဘူး။ ဒေသမှာ ပဲလွမ်းဖြူက ဆောင်းသီးနှံတွေသိမ်းချိန်မှာ အထွက်များပါတယ်”ဟု မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြသည်။

မအူပင်မြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၆၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်းနှင့် စပါး၊ ဆန် ရာသီထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News