Local News

ပေါ်ဦးပေါ်စ မတ္တရာပဲ(ခ)ပဲစိမ်းများ ဈေးကောင်းရ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံများဖြစ်သော သရက်၊ မာလကာသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော မတ္တရာပဲများကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ် ဧကအလိုက်စိုက် ပျိူးလာကြသူများ လည်းရှိပါသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ လုပ်သားခ၊ တိုင်ထောင်ဝါး တန်ဖိုးအပါအဝင် စုစုပေါင်း(၅၅၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် တစ်ဧကလျှင် (၂)ပြည်ကုန်ကျပြီး တစ်ပြည်လျှင်(၇၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ယခုနှစ် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များအောင်မြင်ဖြစ်ထွန်းပြီး အသီးအပွင့်များဝေဆာလျက်ရှိကြောင်း၊ ယခုပဲပေါ်ချိန်တွင်ဖောက်သည်ဈေးအနေဖြင့်ပြည်လုံး ဈေး(၁)ပြည် လျှင်(၃၅၀၀)ကျပ် ရောင်းချရကြောင်း၊  လက်လီဈေးသည်များက  ပဲ (၂) ဘူးကို(၁၀၀၀)ကျပ် ဈေးများဖြင့်ရောင်းဝယ်လျက်ရှိပြီး ပေါ်ဦးပေါ်စဈေးကောင်းရရှိသဖြင့် တောင်သူများ ပဲစိုက်ရကျိူးနပ်ကြောင်း၊ မတ္တရာပဲကို ထမင်းပူပူလေးဖြင့် ဆီဆမ်း၍စားသုံးကြသလို အခွံနွှာ၍ မတ္တရာပဲနှပ် ဆီးဖြူသီးထောင်းလေးဖြင့်စားသုံးလျှင်ခံတွင်းကိုမြိန်စေပါသည်။ အကျိုးအမြတ်အနေဖြင့် ပဲထွက်ရှိမှုနှင့် ဈေးနှုန်းအပေါ်မူတည်၍ အကျိုးအမြတ်များရရှိကြောင်း ပဲစိုက်ပျိုးသော ကိုးပင်ကျေးရွာမှ တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
 

Source: https://www.doca.gov.mm

Category: Local News