Local News

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ နိုင်ငံပေါင်း ၄၀ ကျော်သို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်းရရှိခဲ့

Last Updated:

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ နိုင်ငံပေါင်း ၄၀ ကျော်သို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောပြ၍ သိရသည်။

ထိုသို့ ပုစွန်တင်ပို့ရာတွင် ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ မလေးရှားနိုင်ငံ၊ တရုတ်(တိုင်ပေ)၊ ဩစတြေးလျနိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ရေထွက်ကုန်တင်ပို့မှု တိုးတက်ရေးအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခုဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလထိ ပြည်ပကို ပုစွန် ၈၄၃၂ ဒသမ ၁၀၄ တန်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်းရရှိခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းက ပုစွန် ၇၇၃၁ ဒသမ ၃၉၁ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄၁၆ သန်း ရရှိခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပုစွန် ၇၀၀ ဒသမ ၇၁၃ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆၃ သန်း ရရှိခဲ့ပါတယ်။ ပြည်ပကို ပုစွန်တင်ပို့ရာမှာ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေကြောင်းကနေသာမက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေလဲ တင်ပို့နေတာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောပြသည်။

ရေထွက်ကုန် တင်ပို့ရာတွင် ပုံမှန်တင်ပို့မှုများ စဉ်ဆက်မပြတ်ရှိစေရေးနှင့် ဈေးကွက်အနေအထားပေါ်မူတည်ကာ ပို့ကုန်မလျော့ကျစေရေးအတွက် ဝယ်ယူနေသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုပ်အပ်ချက်များပြည့်မီရေးကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News