Local News

မုံရွာစျေးကွက်တွင် ယခင်နှစ်ကထက် နှမ်းဖြူတစ်တင်း ကျပ် ၃၀၀၀၀ ဝန်းကျင် စျေးမြင့်လာ

Last Updated:

မုံရွာ ကုန်စည်ဒိုင်ဈေးကွက်အတွင်း ဝင်ရောက်နေသည့် နှမ်းဖြူစျေးနှုန်းမှာ တစ်တင်းလျင် ကျပ်(၁)သိန်း အထက်ပေါက်ဈေးရှိနေပြီး  ယခင်နှစ်ကထက် (၃) သောင်းခန့် ဈေးမြင့်လာကြောင်း မုံရွာမြို့အခြေစိုက်နှမ်းကုန်သည်များထံမှ စုံစမ်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှုကြောင့် နှမ်းဖြူများ အရောင်ပျက်သော်လည်း အရောင်းအဝယ်မှာသွက်နေပြီး နှမ်းဖြူအောက်စ (၁၅)ပိဿာ တစ်တင်းလျင် ၉၄၀၀၀ ကျပ်စျေး၊ ထိပ်စ တစ်တင်းလျင် ၁၀၇၀၀၀ ကျပ်မှ ၁၀၈၀၀၀ ကျပ်စျေးအထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

မုံရွာစျေးကွက်သို့ နယ်စုံမှဝင်နေသည့် နှမ်းဖြူများအနက် ပစ္စည်းကောင်းသည့် ဘုတလင်နယ်ထွက် နှမ်းဖြူကို ဝယ်လက်များ ပိုမိုကြိုက်နှစ်သက်ကြောင်းလည်း သိရသည်။ ရောင်းချရလွယ်ကူသည့် နှမ်းဖြူကို မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အဓိက စိုက်ပျိုးလျက်ရှိပြီး သီးထပ်အဖြစ်ရာသီမရွေးစိုက်ပျိုးနိုင်သည့် ရက် (၁၀၀) အတွင်း ထွက်သည့်သီးနှံ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

မုံရွာမြို့ပတ်လည် ဒေသအစုံမှ နှမ်းဖြူများ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလအစောပိုင်းက အဝင်များခဲ့ပြီး ယခုရက်ပိုင်းအဝင်နည်းသွားကြောင်းလည်း မြို့ခံ ပဲ၊နှမ်း ပွဲရုံများထံမှ စုံစမ်းသိရသည်။ မြန်မာနိုင်ငံမှ နှမ်းဖြူများကို ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ ရေလမ်းကြောင်းဖြင့် တင်ပို့မှုများရှိပြီး ပြည်တွင်း၌လည်း ပို့ကုန်တင်ပို့သူ များ၊ အလှော်သမားများနှင့် အလှောင်သမားများစသဖြင့် ဝယ်လက်အစုံမှ ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။

Source: https://t.me/popularmyanmar

Category: Local News