Local News

ပြည်ပနိုင်ငံများသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉ သန်းရရှိ

Last Updated:

ပြည်ပနိုင်ငံများသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉ သန်းရရှိပြီး ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း ပို့ကုန် ဝင်ငွေ အများဆုံး ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ ထိုသို့တင်ပို့ရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ  ၁ ရက်မှ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ ၉၉ သန်းတန်ဖိုးရှိဆန်တန်ချိန် ၁၀၁၁၅၆ တန်နှင့်  ဆန်ကွဲတန်ချိန် ၉၄၆၇၂ တန် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်ကို အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ပိုလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး   အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၅၅၈၅၀ ဖြင့် အများဆုံး တင်ပို့နိုင်ခဲ့သည်။  ဆန်ကွဲကို  တရုတ်၊ ဘယ်လ်ဂျီယံ၊  အင်ဒိုနီးရှား စသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး  တရုတ်နိုင်ငံသို့ ၂၂၈၄၈ တန်ဖြင့် အများဆုံး တင်ပို့နိုင်ခဲ့သည်။

အဆိုပါကိုးလတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့  အမေရိကန်ဒေါ်လာ ၄၆၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၉၅၃၅၀၈ တန် တင်ပို့ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၉၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၉၅၈၂၈ တန်ဖြင့် အများဆုံး၊ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ သန်း ၉၀ တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၇၅၉၉၀ ဖြင့် ဒုတိယအများဆုံး၊  အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၆၃ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၇၅၂၆ တန်ဖြင့် တတိယအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။   

Source: https://www.myawady.net.mm

Category: Local News